Sunday, February 22, 2015

ကျွန်တော်သိသော Mock Court


Mock Court လို့ခေါ်တဲ့သရုပ်ပြတရားရုံးတွေကို ကမ္ဘာအရပ်ရပ်က ဥပဒေပညာသင်ကြားရာ တက္ကသိုလ်တွေ ကျောင်းတွေမှာ ပြုလုပ်လေ့ရှိပါတယ်။
မကြာသေးမီနှစ်များအတွင်းကလည်း မြန်မာနိုင်ငံက တက္ကသိုလ် တစ်ချို့မှာ ပြုလုပ်လာတာတွေ့ရပါတယ်။

ကျွန်တော်အခုတက်နေတဲ့ ဂျပန်နိုင်ငံနာဂိုရာတက္ကသလိုလ်မှာလည်း သရုပ်ပြတရားရုံးတွေကို ကျောင်းသင်ခန်းစာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းထားတာတွေ့ရပါတယ်။
တက္ကသိုလ်ရဲ့ ဥပဒေဌာနမှာ သရုပ်ပြတရားရုံးအဖြစ် အသုံးအပြုဖို့အတွက် တရားရုံးတစ်ရုံးတစ်ရုံးရဲ့ တရားခွင်တစ်ခုလို ပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းကိုလည်း သီးသန့်ထားရှိပါတယ်။

ဒီက Mock Court တွေကိုပြုလုပ်ပုံဟာ ကျွန်တော်တို့ဆီက ရုံးတွေ ပြုလုပ်ပုံနဲ့တော့ နည်းနည်းလေး ကွဲမယ်ထင်ပါတယ်။

ကျွန်တော်လက်လှမ်းမီသလောက် ကတော့ ကျွန်တော်တို့ဆီမှာဆိုရင် သရုပ်ပြတရားရုံးအတွက် နမူနာအမှုတစ်ခုကိုရွေးပါတယ်၊ နောက် ရှေ့နေ၊ ဥပဒေအရာရရှိ၊ တရားသူကြီး၊ တရားခံ၊ တရားလို၊ သက်သေလုပ်မဲ့လူတွေကို အဲဒိအမှုထဲကအတိုင်းသင်ပေး ကြိုတင်ဇတ်တိုက်ပြီး ပိရိတ်သတ် ကျောင်းသား၊ ကျောင်းသူတွေရှေ့မှာ သရုပ်ဆောင်ပြကြတာဖြစ်ပါတယ်။ ......

ဥပဒေဆိုတာကို စာအုပ်တွေပေါ်မှာတင်တွေ့လာခဲ့ရတဲ့ ကျောင်းသားတွေအတွက် လက်တွေ့ဘဝလုပ်ငန်းခွင်ကို ပြဌာန်းစာအုပ်တွေထဲက စာတွေနဲ့ ဆက်စပ်ပေးတဲ့ အလွန်ထိရောက်သော နည်းစနစ်ဖြစ်ပါတယ်။...

ဒီတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ကြုံလာတော့ ဂျပန်နိုင်ငံရဲ့ တရားစီရင်ရေးအကြောင်း သင်ပေးတဲ့ ဘာသာရပ်တစ်ခုကို ကျွန်တော်ရွေးခြယ်တက်ခဲ့ပါတယ်။

အဲဒိဘာသာရပ်မှာ ကျောင်းသားတွေကိုယ်တိုင် ပါဝင် သရုပ်ဆောင်ရတဲ့ Moot Court ကိုကျွန်တော်လေ့လာခွင့်ရခဲ့တာပါ။

သရုပ်ပြတရားရုံးအတွက် ပါဝင်မဲ့ကျောင်းသားတွေ စာရင်းကောက်ရွေးတဲ့နေရာမှာ "တရားခံ" နေရာကနေ ပါမယ်ဆိုပြီးကျွန်တော်စာရင်းပေးခဲ့တယ်။
.....
ကျွန်တော်ပါဝင်ခဲ့တဲ့ ဒီက သရုပ်ပြတရားရုံးက ကျွန်တော်တို့ဆီမှာလုပ်နေတဲ့ပုံစံနဲ့ နည်းနည်းကွဲပါတယ်။
သရုပ်ဆောင်ပြရုံသက်သက်မဟုတ်ပဲ ကျောင်းသူ၊ ကျောင်းသားတွေပဲ တစ်ကယ့်အမှုတစ်မှုကို ကိုယ်တိုင် ပါဝင်စစ်ဆေးနေရတာမျိုးပါ။

ပထမဦးဆုံး ဘယ်ကျောင်းသားတွေက တရားသူကြီးလုပ်မယ်။ ဘယ်ကျောင်းသားတွေက ရေ့နေ၊ ဥပဒေအရာရှိလုပ်မယ် ဘယ်သူကတော့ တရားခံလုပ်မယ် ဆိုပြီး ကျောင်းသားတွေကို ဆန္ဒပြုခိုင်းပြီး အရင်ရွေးပါတယ်။

ရွေးပြီးတဲ့နောက် တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားခံနဲ့တရားခံရှေ့နေတွေကို သီးသန့်စီခွဲလိုက်ပါတယ်။
အဖွဲ့တစ်ဖွဲ့ချင်းစီကို သူတို့နဲ့သက်ဆိုင်တဲ့ စာရွက်စာတန်းတွေပေးပါတယ်။

ပြင်ပက အမှုတွေလိုပါပဲ ......
ပေးတဲ့စာရွက်တွေထဲမှာ ဘုံတူညီနေတဲ့အချက်တွေရှိသလို၊ တရားလိုဘက်ကပဲသိပြီး၊ တရားခံဘက်က မသိတဲ့အချက်၊ တရားခံဘက်ကပဲသိပြီး တရားလိုဘက်က မသိတဲ့အချက်တွေလဲ ပါပါတယ်။
တစ်ဘက်ကို တစ်ဘက် အဲဒိစာရွက်တွေ မပြရပါဘူး။

နောက် ...
တရားလို၊ တရားခံ၊ တရားသူကြီး အဖွဲ့တွေအတွက် နည်းပြတစ်ယောက်စီ ပေးပါတယ်။ နည်းပြတွေရဲ့ အလုပ်က အမှုကိုဘယ်လိုတည်ဆောက်ရမယ် ဆိုတာမျိုး၊ ဘယ်မေးခွန်းမေးသင့်တယ်ဆိုတာမျိုး လမ်းညွှန်ပေးဖို့မဟုတ်ပဲ ကျောင်းသားတွေမေးချင်တဲ့ မေးခွန်းတွေဟာ တရားဝင်၊ မဝင် Leading Question ဖြစ်၊ မဖြစ် စတာတွေကို အဓိက တည့်မတ်ပေးရတာပါပဲ။

သက်သေတွေကိုတော့ ဆရာကနေ စီစဉ်ပေးပါတယ်။ (ဒါ့ကြောင့် သက်သေတွေကို တရားလို၊ တရားခံဘက်ကနေ ကြိုတင်သင်ကြားပေးတာမျိုးမလုပ်နိုင်ပါဘူး)

လိုအပ်တဲ့စာရွက်စာတန်းတွေပေးပြီး၊ ညွှန်ကြားစရာရှိတာတွေ ညွှန်ကြားပြီးတဲ့နောက်မှာ အချိန်တစ်လလောက်ခွာပြီးတော့ ဘယ်နေ့မှာတော့ဖြင့် Moot Court လုပ်မယ်ဆိုပြီး ချိန်းပါတယ်။

အဲဒိ တစ်လအချိန်အတွင်းမှာ တရားလိုဘက်ကလည်း သူတို့အချင်းချင်းတွေ့ဆုံပြီး အမှုကိုဘယ်လို တည်ဆောက်မယ်။ တရားခံဘက်ကလည်း သူတို့အချင်းချင်းတွေ့ဆုံပြီး အမှုကိုဘယ်လို ခုခံချေပမယ် ဆိုတာတွေ ဆွေးနွေးပြင်ဆင်ရေးလုပ်ကြပါတယ်။ မေးချင်တဲ့မေးခွန်းတွေ တင်ပြချင်တဲ့ အချက်အလက်တွေဟာ ဘောင်ဝင်၊ မဝင် စိတ်ထဲမှာ သံသယရှိရင် ခုဏက ဆရာပေးထားတဲ့ နည်းပြတွေကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

တစ်ဘက်ကို တစ်ဘက် မရှုံးလိုတဲ့စိတ်နဲ့ အပြိုင်အဆိုင် ဉာဏ်ထုတ်၊ လေ့လာကြတာ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တော့ အဲဒိ တစ်လအတွင်းမှာ စိတ်ပါဝင်စားစွာ ဖတ်လိုက်တဲ့စာတွေဟာ အဲဒိ အတန်းနဲ့ပကသက်သက်ပြီး တစ်နှစ်လုံးဖတ်လိုက်တဲ့ စာတွေထက် ပိုတောင်များဦးမလားပဲ။ ကျန်တဲ့ ကျောင်သားတွေလည်း ကျွန်တော့်နည်းတူ ဖတ်ကြ၊ မှတ်ကြ အကြံထုတ်ကြပါတယ်။

နောက်ဆုံး ... တစ်လပြည့်တဲ့အခါကျတော့ ဥပဒေဌာနက တရားခွင်ပုံစံပြင်ဆင်ထားတဲ့အခန်းထဲမှာ သရုပ်ပြတရားရုံးကို ပြုလုပ်ပါတယ်။
ဇတ်ညွှန်းကိုဖတ်ပြီး သရုပ်ဆောင်ရုံသက်သက်မဟုတ်ပဲ ကိုယ်တိုင်ပါဝင် ဖန်တီးခွင့်တွေနဲ့ တည်ဆောက်ထား ကြရတာဖြစ်တဲ့အတွက် တရားလို၊ တရာခံနှစ်ဘက် ပြိုင်ဆင်မှုဟာ အရမ်းပဲ အသက်ဝင် အားပါလှပါတယ်။
သက်သေကိုစစ်ဆေးတာ၊ အပြိုင်အဆိုင်ကန့်ကွက်တာ၊ လျှောက်လဲချက်ပေးတာတွေဟာ အသက်ပါလှပါတယ်။ .....

ပရိတ်သတ်အဖြစ် ကြည့်နေတဲ့ ကျန် ကျောင်းသားတွေအတွက်လည်း ကိုယ့်အတန်းဖေါ်တွေ တရားခွင်တစ်ခုမှာ အပြိုင်အဆိုင် လျှောက်လဲ ပြောဆိုနေတာတွေကို အရမ်းစိတ်ဝင်စားကြပါတယ်။

တရားသူကြီးအဖြစ် ဆောင်ရွက်ရတဲ့ကျောင်းသားတွေအနေနဲ့လည်း ကျန်တဲ့အချက်အလက်တွေ မသိရပဲ တရားခွင်မှာ ပေါ်ပေါက်တဲ့အချက်တွေပေါ်မှာသုံးသပ်ရတာဖြစ်ပါတယ်။
ကန့်ကွက်ချက်တွေကို ခွင့်ပြုတာ၊ မပြုတာနဲ့ နှစ်ဘက် ပေါ်ပေါက်ချက်တွေအပေါ်မှာ သူတို့ဆင်ခြင်ဉာဏ်နဲ့ အမိန့်ချရတာဖြစ်ပါတယ်။ ....

ပါတင်တဲ့လူတိုင်းလူတိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိပြီး၊ ဆက်လက်လေ့လာလိုစိတ်တွေကို တွန်းအားပေးတဲ့ သရုပ်ပြတရားရုံးလို့ကျွန်တော်တော့ မြင်ပါတယ်။

နောက် Mock Court တစ်ခုလုံးပြီးသွားတော့မှ ဆရာလုပ်တဲ့ပါမောက္ခက၊ အမှုမှန်က ဘယ်လိုဖြစ်တယ်။ တရားလို၊ တရားခံဘက်အားနည်းချက်က ဘယ်လို၊ တရားသူကြီးက ဘယ်ကိစ္စကိုခွင့်ပြုတာမှန်တယ်။ ဘယ်ဟာကတော့ ခွင့်မပြုသင့်ဘူး။
ဘယ်မေးခွန်းတွေက leading တွေဖြစ်လျှက်နဲ့ တစ်ဘက်ကမကန့်ကွက်ခဲ့ဘူးဆိုပြီး ရှင်းပြပါတယ်။

အဲဒိနေ့က ကျွန်တော် တရားခံ နေရာကသရုပ်ဆောင်ခဲ့ပါတယ်။ တရားခံရှေ့နေတွေရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါပဲ တရားသူကြီးအဖြစ် တာဝန်ယူတဲ့ကျောင်းသားတွေက ကျွန်တော့ကို အပြီးအပြတ်လွှတ်ခဲ့ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...