Thursday, June 18, 2015

အခြေခံဥပဒေ၏တရားစီရင်ရေးဆိုင်ရာအပိုင်းကို ပြင်ဆင်မည်ဆိုလျှင်



“ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေမူကြမ်း”ကို နေ့စဉ်ထုတ်သတင်းစာများကနေ တဆင့် လေ့လာခွင့်ရခဲ့ပါတယ်။ ဥပဒေတို့မည်သည် ၄င်းတို့သက်ရောက်ရမဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ တန်ဖိုး (Value) တွေကို စုစည်းထားတာဖြစ်တဲ့အတွက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့  အများပြည်သူရဲ့လားရာတွေပေါ်မှာ မူတည်ပြီး ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းတွေ ပြုလုပ်ကြရတာ ထုံးစံပဲဖြစ်ပါတယ်။

သို့သော်လည်း “ပေါ့စေချင်လို့ကြောင်ရုပ်ထိုး ဆေးအတွက်နဲ့လေး” ဆိုသလို ပိုမိုကောင်းမွန်တဲ့ အကျိုးဆက်ကို မျှော်တွေးပြီး ပြင်ဆင်လိုက်တဲ့ ပြင်ဆင်ချက်တွေဟာ ထွေးထင်ထားသလိုဖြစ်မလာပဲ နိုင်ငံအတွင်းက ပြည်သူတွေအပေါ် မလိုလားအပ်တဲ့ အနှုတ်သဘောဆောင်သော သက်ရောက်မှုတွေတော့ ဖြစ်မလာသင့်ပါဘူး။

အခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းပါ  တရားစီရင်ရေးဏ္ဍနဲ့ ပက်သက်ပြီး အနည်းငယ် ဆွေးနွေးတင်ပြလိုပါတယ်။ အတိအကျဆိုရရင်တော့ တရားသူကြီးတွေရဲ့ သက်တမ်းနဲ့ ပက်သက်တဲ့ ပြင်ဆင်ချက် အကြောင်းပဲဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၃၀၃ အရ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ ရာထူးသက်တမ်းဟာ အသက် ၇၀ ပြည့်သည်အထိ ဖြစ်ပြီး ပုဒ်မ ၃၁၂ အရ တိုင်းဒေသကြီး၊ ပြည်နယ် တရားသူကြီးချုပ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးတွေရဲ့ ရာထူးသက်တမ်းကတော့ အသက် ၆၅ နှစ်ဖြစ်ပါတယ်။ သို့သော်လည်း ပြင်ဆင်ချက် ဥပဒေမူကြမ်းသာ အတည်ဖြစ်ခဲ့ရင် အဲဒိတရားသူကြီးတွေရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့နဲ့ ဥပဒေပြုလွှတ်တော်တွေရဲ့ သက်တမ်းနဲ့ အတူတူ ငါးနှစ် ပဲဖြစ်ပါတော့မယ်။

တရားသူကြီးတွေရဲ့ သက်တမ်းနဲ့ ဒီမိုကရေစီ
တရားသူကြီးတွေရဲ့ သက်တမ်းနဲ့ ဒီမိုကရေစီစနစ် ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို မဆွေးနွေးခင် ဒီမိုကရေစီ စနစ်အကောင်အထည်ဖေါ်တဲ့နေရာမှာ တရားရုံးတွေရဲ့ အခန်းကဏ္ဍကို အရင်ဆုံးဆွေးနွေးလိုပါတယ်။
ဒီမိုကရေစီစနစ်မှာ တရားရုံးတွေဟာ အပြစ်ရှိသူများကို အပြစ်ပေးခြင်း၊ အများပြည်သူများအကြား အငြင်းပွားမှုများကို ဖြေရှင်းခြင်းအလုပ်တွေတင်မကပါဘူး၊ အုပ်ချုပ်သူများက ဥပဒေကိုကျော်လွန်ဆောင်ရွက်ခြင်းကြောင့် နိုင်ငံသားများ နစ်နာမှုမရှိရလေအောင်၊  လူများစုအကျိုးဖြစ်ထွန်းစေရေးအကြောင်းပြုပြီး  လူနည်းစုနဲ့ လူတစ်ဦးချင်းစီရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မဆုံးရှုံးရလေအောင် ကာကွယ်ပေးရတဲ့ နေရာတွေလည်းဖြစ်ပါတယ်။

            ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးဖို့အတွက် တရားစီရင်ရေးဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေရဲ့ လွှမ်းမိုးခံရမှု၊ စွက်ဖက်ခံရမှု ကင်းဖို့လိုပါတယ်။ အဲဒါဟာ လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) ပါပဲ။

            တရားသူကြီးတွေဟာ သူတို့ရဲ့ ဒုတိယသက်တမ်းအတွက် ဥပဒေပြုအမတ်တွေနဲ့ အုပ်ချုပ်သူတွေရဲ့ သဘောကျမှု၊ မကျမှုတွေပေါ်မှာ မူတည်နေမယ်ဆိုရင် အစိုးရအဖွဲ့နဲ့၊ လွှတ်တော်ရဲ့ လိုလားချက်ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့မလွယ်ပါဘူး။

            အများပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့လူတွေနဲ့ ဖီလာဖြစ်တဲ့ စီရင်မှုတွေကို တရားရုံးတွေ ချမှတ်ဖို့ လိုလို့လား ဆိုပြီး တွေးမိကောင်း တွေးမိနိုင်ပါတယ်။ အဖြေကတော့ တကယ် လိုအပ်ပါတယ်။

            ဒီမိုကရေစီဆိုတာ လူများစုကို လုပ်ချင်ရာလုပ်နိုင်အောင် ခွင့်ပြုထားတဲ့ စနစ်(ဝါ) လူများစုဝါဒ မဟုတ်ပါဘူး။ လူများစုရဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်ရပါမယ်။ တစ်ဘက်ကလည်း လူနည်းစုရဲ့ ရပိုင်ခွင့်ကို ကာကွယ်ရပါတယ်။ လူနည်းစုရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းဟာ တရားစီရင်ရေးပဲဖြစ်ပါတယ်။

ဘာဖြစ်လို့ပါလဲ
            လူများစုရဲ့ မဲဆန္ဒနဲအာဏာရလာတဲ့ အစိုးရအဖွဲ့နဲ့ ဥပဒေပြုအဖွဲ့တွေဟာ မိမိကို မဲဆန္ဒပေးလိုက်တဲ့ လူတွေရဲ့ အကျိုးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ရပါလိမ့်မယ်။ မဆောင်ရွက်နိုင်ရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အောင်မြင်ဖို့ အလားအလာနည်းပါလိမ့်မယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ လူများစုရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ချက်တွေဟာ လူနည်းစုနဲ့ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ထိပါးတာမျိုးလေးတွေရှိတတ်ပါတယ်။

            ဥပမာလေးတစ်ခု စဉ်းစားကြည့်ကြပါစို့ ၊ မြို့လေးတစ်မြို့ရှိတယ်။ အဲဒိမှာနေထိုင်သူအများစုဟာ၊ ကုန်သည်၊ အလုပ်သမားနဲ့ စက်မှုလုပ်ငန်းတွေ လုပ်ကြတယ်။ သင်ကတော့ မြို့စွန်က ဘိုးစဉ်ဘောင်ဆက် ပိုင်လာတဲ့ လယ်ကွက်တွေမှာ စိုက်ပျိုးရေးလုပ်တယ်။ မြို့တဲမှာ လူနေထူထပ်လာလို့ဆိုပြီး သင့်လယ်ကွက်တွေကို သိမ်းမယ်၊ မြို့ကွက်ဖေါ်မယ်။  ထိုက်သင့်တဲ့ လျှော်ကြေးမပေးဘူး။ 

မြို့သူမြို့သားတွေဟာ မြို့ထဲမှာ အထပ်မြင့်တိုက်တွေ ကုန်အကျခံမဆောက်လိုပဲ သင့်လယ်မြေတွေပေါ်မှာ စရိတ်စခ သက်သက်သာသာနဲ့ မြို့ကွက်အသစ်တည်လိုတယ်။ အဲဒိမြို့မှာ လူထူကရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့၊ ကိုယ်စားလှယ် အမတ်တွေရှိတယ်။ ဒါပေမဲ့ သူတို့ဟာ သင့်အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ်လို့ သင်ရာနှုံးပြည်မမျှော်လင့်နိုင်ပါဘူး။

 လူများစုလိုလားချက်ကို မလုပ်ပေးနိုင်ရင် နောက်တစ်ကြိမ်ပြန်လည် အရွေးခံရဖို့ မသေချာတော့တဲ့အတွက် အနည်းနဲ့အများဆိုသလို သင့်ရဲ့ အခွင့်အရေးတွေကို ထိပါးတဲ့ ဆောင်ရွက်ချက်တွေ လုပ်ကောင်း လုပ်နိုင်ပါတယ်။ သင့်ရဲ့ အခွင့်အရေးတွေအပေါ် ဥပဒေနဲ့မညီပဲ ထိပါးခံရပါပြီဆိုကြပါစို့။ သင်ဘာလုပ်မလဲ။

အဲဒိလိုဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေကနေ သင့်ရပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက တရားရုံးမှာ တရားစွဲဆိုဖို့ပဲဖြစ်ပါတယ်။ ပုံမှန်ဆိုင်ရင်တော့ တရားသူကြီးတွေဟာ မြို့လူထုက ရွေးကောက်တင်မြှောက်ထားတာ မဟုတ်တဲ့အတွက် မြို့လူထု ကြိုက်နှစ်သက်ခြင်း၊ မကြိုက်နှစ်သာခြင်းကို အဓိကထားစရာမလိုပါဘူး။ တရားမျှတဖို့နဲ့ ဥပဒေနဲ့ အညီဖြစ်ဖို့ကို အဓိကထားပြီး သင့်ဘက်ကို အသာပေးတဲ့ ဆုံးဖြတ်မှုမျိုးလုပ်ပါလိမ့်မယ်။

သို့သော်လည်း တရားသူကြီးတွေရဲ့ ရာထူးဆက်လက်တည်မြဲရေး၊ နောက်ထပ်သက်တမ်းတစ်ခု မှာတရားသူကြီး ဆက်လုပ်ခွင့်ရရေးဟာ အုပ်ချုပ်ရေးမှူးနဲ့၊ ကိုယ်စားလှယ်အမတ်ပေါ်မှာ မူတည်နေမယ်ဆိုရင်တော့ သင့်ရပိုင်ခွင့်တွေအတွက် မျှော်လင့်ချက်တွေ ဝေဝါးနေပြီလိုပဲ ဆိုရတော့မှာပါ။

ဒီမိုကရေစီစနစ်မှာ လူတိုင်း လူတိုင်းဟာ ဥပဒေနဲ့ မညီတဲ့ မည်သည့်ပြုလုပ်မှုကိုမှ မလုပ်သရွေ့ သူတို့ရဲ့ အခွင့်အရေးတွေကို ဘယ်လိုသောအကြောင့်မှ ထိပါးခံရခြင်းမရှိနိုင်ဆိုပြီး ရာနှုံးပြည့်ယုံကြည်စေရပါမယ်။

အဲဒိယုံကြည်မှုကို အာမခံပေးနိုင်တာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ပါပဲ။

            တရားသူကြီးတွေဟာ သူတို့ရဲ့ ရာထူးသက်တမ်း ဆက်ဖို့အတွက် အစိုးရအဖွဲ့၊ ဥပဒေပြုအဖွဲ့တွေရဲ့ အလိုကျမှုတွေမလိုမှသာလျှင် အဲဒိအဖွဲ့တွေက ဥပဒေကိုကျော်လွန်လုပ်ဆောင်လာတဲ့ ကိစ္စရပ်တွေကို ဆန့်ကျင်ပြီး ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ရဲမှာဖြစ်ပါတယ်။

            အဲဒါကြောင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေမှာ တရားသူကြီးတွေ၊ (အထူးသဖြင့် အဆင့်မြင့်တရားရုံးတွေက တရားသူကြီးတွေ) ရဲ့ သက်တမ်း (Tenure) ကို ဥပဒေပြုအဖွဲ့၊ အစိုးရအဖွဲ့တွေရဲ့ သက်တမ်းတွေနဲ့ သီးခြားကင်းလွတ်ပြီး အသက်အရွယ် (Age) ​ပေါ်မှာမူတည်သတ်မှတ်ကြပါတယ်။

ဥပမာအားဖြင့် အမေရိကန်နိုင်ငံ တရားရုံးချုပ်က တရားသူကြီးတွေရဲ့ သက်တမ်းဟာ တစ်သက်တာ (Life Tenure) ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ၇၅ နှစ်အထိဖြစ်ပြီး၊ သြစတေရီးယားမှာတော့ အသက် ၇၀ အထိဖြစ်ပါတယ်။  ကမ္ဘာ့နိုင်ငံအချို့ရဲ့ အမြင့်ဆုံးတရားရုံးက တရားသူကြီးတွေရဲ့ သက်တမ်းကို လေ့လာနိုင်အောင် ဇယားနဲ့ဖေါ်ပြထားပါတယ်။

            အဲဒိလိုမျိုး ရာထူးသက်တမ်းကို အာမခံပေးထားတဲ့မူသဘောကို Securtiy of  tenure လို့ခေါ်ပါတယ်။ ကုလသမဂ္ဂရဲ့ “လွတ်လပ်စွာတရားစီရင်ရေးနဲ့ပက်သက်တဲ့အခြေခံအချက်အလက်များ” (Basic Principles on the Independence of Judiciary) နဲ့ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသော ဘေဂျင်းကြေငြာချက် လို့ခေါ်တဲ့ (Beijing Statement of Principles of the Independence of the Judiciary) တွေအပြင် လွတ်လပ်စွာတရားစီရင်ရေးနဲ့ ပက်သက်တဲ့ တစ်ခြားသော အပြည်ပြည်ဆိုင်ရာသဘောတူညီချက်တွေ၊ ကြေငြာချက်တွေမှာလည်း တရားသူကြီးတွေရဲ့ ရထူးသက်တမ်းကို အာမခံချက်ပေးထားဖို့ ပါရှိပါတယ်။

လူအများစုရဲ့ ဆန္ဒ
မေးစရာပေါ်လာပါလိမ့်မယ်။  ဒီမိုကရေစီဆိုတာ လူများစုရဲ့ လိုလားချက်တွေနဲ့ လည်ပတ်နေတဲ့ ယန္တယားတစ်ခု ဖြစ်ပါလျှက်နဲ့ တရားရုံးတွေဟာ လူအများစုရဲ့ လိုလားချက်ကို ဆန့်ကျင်စီရင်တာဟာ လျှော်ကန်ပါရဲ့လား ဆိုပြီးတော့ပါ။  တစ်ကယ်တော့ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအားလုံး ဟာ လူ့အဖွဲ့အစည်းရဲ့ အကျိုးကို ဖေါ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ဖေါ်ဆောင်ပုံဟာ ကျန်တဲ့ မဏ္ဍိုင်နှစ်ခုနဲ့တော့ အနည်းငယ် ကွဲပြားပါတယ်။

ကွဲပြားပုံ
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တွေဟာ လူအများစုရဲ့ ရွေးခြယ်တင်မြှောက်မှုကနေ ပေါက်ဖွားလာကြတာ ဖြစ်ပါတယ်။ အဲဒိမဏ္ဍိုင်တွေအတွက် လူ့အဖွဲ့အစည်းဆိုတာ လူများစု(Majority) တွေတည်ရှိရာ နေရာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လူအများစုရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်းရဲ့ အကျိုးကို ဖေါ်ဆောင်ပါတယ်။

တရားရုံးတွေအတွက်ကတော့ လူ့အဖွဲ့အစည်းဆိုတာ လူတစ်ဦးချင်း (Individual) ​တွေ ပေါင်းစုထားတဲ့ လူ့အသိုက်အမြုံဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရုံးရှေ့ကို ရောက်ရှိလာတဲ့ လူတစ်ဦးချင်းစီကို ဥပဒေနဲ့ အညီဖြစ်သော တရားမျှတမှု (Justice) ​တွေဆောင်ကျင်းပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်းရဲ့ ကျိုးကို ဖေါ်ဆောင်ပါတယ်။

အဲဒိလို အခြေခံအမြင် ကွဲပြားခြားနားလို့လည်း တရားရုံးတွေရဲ့ဆောင်ရွက်ချက်တွေဟာ တစ်ခါတစ်ရံမှာ ကျန်တဲ့ မဏ္ဍိုင် နှစ်ခုရဲ့ လိုလားချက်တွေနဲ့ ဝိရောဓိအသွင် ဆောင်နေတတ်တာပါ။

 သာဓကအဖြစ်၂၀၁၄ ခုနှစ်အတွင်း အမေရိကန်မှာ ဖြစ်သွားတဲ့ မိုက်ကယ် ဘရောင်း (Michael Brown) ကိစ္စကိုပြချင်ပါတယ်။ စတိုးဆိုင်တစ်ခုကို ဖေါက်ထွင်းလာတဲ့ အမေရိကန်လူမည်း တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဘရောင်းဆိုသူကို လူဖြူရဲအရာရှိတစ်ယောက်က တားဆီးရင်း သေနပ်နဲ့ပစ်တာ သေသွားခဲ့ပါတယ်။ ရဲအရာရှိရဲ့လုပ်ရပ်ကို မကျေနပ်လို့ ပြစ်ခတ်မှု ဖြစ်ပွားရာ ဖာဂူဆန်မြို့ (Furguson) တစ်မြို့လုံးသာမက တစ်ခြားမြို့တွေမှာပါ ဆူပူ ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ 
အဲဒိအချိန်မှာ သေနပ်နဲ့ ပစ်ခဲ့တဲ့ ရဲအရာရှိကို ဖမ်းဆီးအပြစ်ပေးလိုက်ရင် လူထူမကျေနပ်မှုတွေရဲ့ အရှိန် တန့်သွားပါမယ်။ သမ္မတကစလို့၊ အမတ်တွေ ပြည်သူတွေ တော်တော်များများက ရဲအရာရှိကို အပြစ်ကျစေချင်ခဲ့ပါတယ်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် တရားစီရင်ရေးဂျူရီအဖွဲ့ (Grand Jury) ကနေ သေနပ်ဖြင့်ပစ်ခတ်ခဲ့သည့် ရာအရာရှိမှာအပြစ်မရှိ၊ တရားစွဲဆိုခြင်းမပြုနိုင်၊ ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ကယ်လည်း လူဖြူအရာရှိရဲ့လုပ်ရပ်ဟာ အပြစ်မရှိခဲ့ပါဘူး။ လူတွေကတော့ ပိုမိုဒေါသထွက်ပြီး ဆူပူမှုတွေ အရှိန်ထပ်မြင့်သွားခဲ့ပါတယ်
။ အမေရိကန်သမ္မတနဲ့ ဖါဂူဆန်မြို့တော်ဝန်တို့သာ ဒီအမှုကို ဆုံးဖြတ်ရမယ်ဆိုရင် အဲဒိ ရဲအရာရှိကို အခုလို လွှတ်ပေးဖို့မလွယ်လှဘူးလို့ထင်ပါတယ်။ သို့သော်လည်း တရားရုံးဟာ သူ့ရှေ့ရောက်လာတဲ့ ရဲအရာရှိရဲ့ အခွင့်အရေး နဲ့ လူအများစုရဲ့ဆန္ဒတွေ ယှဉ်တဲ့ပွဲမှာ သူ့မှာတာဝန်ရှိတဲ့အတိုင်း လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့် (Individual Rights) ကို ကာကွယ်ပေးခဲ့ပါတယ်။  ဒါဟာ ဒီမိုကရေစီတရားစီရင်ရေးရဲ့ အနှစ်သာရပါ။

ပြန်လှန်ထိန်းကြောင်းချင်းနှင့် တရားစီရင်ရေးမဏ္ဍိုင်
            ဒီမိုကရေစီဆန်တဲ့ အခြေခံဥပဒေတစ်ခုရဲ့ အရေးကြီးဆုံးအနှစ်သာရဟာ အာဏာခွဲခြားကျင့်သုံးခြင်း Separation of Power ဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို ခွဲခြား ကျင့်သုံးခြင်းပါ။ ပြန်လှန်ထိန်းကြောင်းခြင်း Check and balance ဆိုတာကတော့ မဏ္ဍိုင်တစ်ခုဟာ မိမိကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုကျင့်သုံးပြီး ပြည်သူတွေကို နှိပ်စက်ခြင်းမရှိရလေအောင် ကျန်တဲ့ မဏ္ဍိုင် နှစ်ခုက ထိန်းညှိထားစေတဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ ပြန်လှန်ထိန်းကြောင်းခြင်းအရ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ တရားသူကြီးတွေကို ခန့်အပ်ဖို့နဲ့၊ အရည်အချင်းပျက်ယွင်းရင် ပြစ်တင်ရှုံ့ချပြီး ရာထူးကဖယ်ရှားဖို့ အုပ်ချုပ်ရေနဲ့ ဥပဒေပြုရေးက လုပ်ဆောင်ရပါတယ်။ တစ်ပြိုင်နက်ထဲမှာပါပဲ တစ်ရာစီရင်ရေးမဏ္ဍိုင်အနေနဲ့လည်း  ပြန်လှန်ထိန်းကြောင်းမှုပြုရပါတယ်။

ဘယ်လိုထိန်းကြောင်းမှုပြုရသလဲ
            တရားစီရင်ရေးအရပြန်လည်သုံးသပ်ခြင်း လို့ခေါ်တဲ့ (Judicial Review) ဆိုတာရှိပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်(Administrative Authorities) တွေရဲ့ တရားမျှတမှုကင်းတဲ့ ဆောင်ရွက်ချက်တွေနဲ့၊  ဥပဒေပြုအမတ်တွေက အခြေခံဥပဒေနဲ့ ကွဲလွဲပြီးပြုလုပ်ထားတဲ့ ဥပဒေတွေကို တည့်မတ်ပေးရတဲ့ အလုပ်ပါ။

            မြန်မာနိုင်ငံမှာ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ အခြခံဥပဒေပါ နိုင်ငံသားအခွင့်အရေးတွေနဲ့ ပက်သက်လာရင် အုပ်ချုပ်ရေး အာဏာပိုင်တွေအပေါ်ကို စာချွန်တော် (၅) မျိုးဆင့်ထုတ်ပြီး  Judicial Review လုပ်ပိုင်ခွင့်ရှိပါတယ်။

 ပြီးခဲ့တဲ့ငါးနှစ်တာ ကာလအတွင်းမှာလည်း စာချွန်တော်အမျိုးမျိုး ဆင့်ထုတ်ခဲ့ပါတယ်။ တရားရုံးတင် တရားစွဲဆိုခြင်းမရှိပဲ  မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့  နိုင်ငံသားတစ်ယောက်ကို ထောင်ချခဲ့တဲ့ဖြစ်ရပ်တွေ၊ ပထမသတင်းပေးတိုင်ချက် (Frist Information Report) ဖွင့်ပေးဖို့ ငြင်းဆန်းခဲ့တဲ့ ရဲအရာရှိ ရဲ့လုပ်ဆောင်ချက်တွေ ကစလို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေရဲ့ ထုံးနည်းမကျတဲ့ ဆောင်ရွက်​တွေအများအပြားကို ပယ်ဖျက်၊ ပြင်ဆင်၊ တည့်မတ်ပေးခဲ့တာတွေရှိခဲ့ပါတယ်။

            ဥပဒေပြုအမတ်တွေရဲ့လုပ်ဆောင်ချက်နဲ့ ပက်သက်ပြီး သုံးသပ်မှု (Judicial Review) လုပ်ဖို့ကတော့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အခွင့်အာဏာပါ။

တရားသူကြီးသက်တမ်းနဲ့ Judicial Review
            စဉ်းစားကြည့်ကြပါစို့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးတစ်ယောက်ဟာ လက်ရှိအစိုးရအဖွဲ့နဲ့ သက်တမ်းအတူတူဖြစ်နေပြီး လက်ရှိအစိုးရဟာလည်း နောက်ရွေးကောက်ပွဲမှာ  အနိုင်ရဖို့သေချာသလောက်ရှိနေတယ် ဆိုရင် သူ့ရဲ့ နောက် ငါးနှစ်သက်တမ်းအတွက် လက်ရှိအစိုးရရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်ပြီး Judicial Review လုပ်ရတာဟာ ခက်ခဲတဲ့ကိစ္စဖြစ်သွားပါပြီ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ စာချွန်တော်တွေ ထုတ်ဆင့်ခွင့် အာဏာရှိနေသော်လည်း အခြေခံဥပဒေအရ ရရှိထားတဲ့ နိုင်ငံသားအခွင့်အရေးတွေကို ထိရောက်စွာ ကာကွယ်ပေးဖို့ ကတော့ မဖြစ်နိုင်တော့ပါဘူး။  အလားတူပါပဲ နောင်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားလာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကျိုးစီးပွားတွေနဲ့ နှီးနွယ်နေတဲ့ အမှုအခင်းတွေမှာလည်း သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

အစိုးရအဖွဲ့၊ ဥပဒေပြုအဖွဲ့တွေရဲ့ သက်တမ်းနဲ့အတူ တရားသူကြီးများကို ခန့်အပ်သောနိုင်ငံများ
အစိုးရအဖွဲ့ ၊ ဥပဒေပြုအဖွဲ့တွေရဲ့ သက်တမ်းနဲ့အတူ တရားသူကြီးတွေကို ခန့်အပ်တဲ့ နိုင်ငံတွေ မရှိဘူးလားလို့ မေးရင် ရှိတယ်လို့ဖြေရပါလိမ့်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံလို့ခေါ်တဲ့ ဗီယက်နမ်နိုင်ငံ မှာ အမြင့်ဆုံးတရားရုံးရဲ့တရားသူကြီးချုပ်နဲ့ တရားရုံးချုပ်တရားသူကြီးတွေရဲ့ သက်တမ်းဟာ လွှတ်တော်သက်တမ်းအတိုင်း ဖြစ်ပါတယ်။

 လွှတ်တော်သက်တမ်း ပြန်စတိုင်း တရားသူကြီးတွေကို ပြန်လည်ခန့်ထားခြင်း၊ ထပ်မံရွေးခြယ်ခြင်း တို့လုပ်ပါတယ်။ ကိုရီးယားပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံလို့ ခေါ်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေခံဥပဒေမှာလည်း  တရားသူကြီးချုပ်ရဲ့ သက်တန်းဟာ နောက်ထပ်ရွေးခြယ်ခန့်အပ်ခြင်း မခံရလျှင် ငါးနှစ်ဖြစ်သည်လို့ပါရှိပါတယ်။ 

            အဲဒါတွေအပြင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေရယ်လို့လူသိများကြတဲ့  ကျွန်တော်တို့မြန်မာနိုင်ငံမှာကျင့်သုံးခဲ့တဲ့ “ပြည်ထောင်စုဆိုရှယ်လစ်သမ္မတိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ပုဒ်မှ ၉၇ မှာလည်း “ပြည်သူ့တရားသူကြီးအဖွဲ့၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်သက်တမ်းနှင့် အညီဖြစ်သည်” ဆိုပြီးပြဌာန်းထားပါတယ်။

            ဂျပန်နိုင်ငံမှာကတော့ဒီလိုပါ။ တရားသူကြီးချုပ်နဲ့ တရားရုံးချုပ်တရားသူကြီးတွေဟာ အသက် ၇၀ ပြည့်သည့်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသော်လည်း ၁၀ နှစ်တစ်ကြိမ်လွှတ်တော်မှာ မဲခွဲပြီး သူတို့ကို ဆက်ခန့်သင့်၊ မခန့်သင့် လုပ်ပြီးနောက်ထပ် ၁၀ နှစ် ဆက်လက်ခန့်ထားပါတယ်။ အဲဒိ စနစ်ကြောင့် ဂျပန်တရားရုံးတွေဟာ နိုင်ငံရေးသမားကိုလွန်ဆန်ပြီး လူတစ်ဦးချင်းစီရဲ့အခွင့်အရေး (Individual Rights) ​တွေကို ထိထိရောက်ရောက် မကာကွယ်ပေးနိုင်တာဖြစ်တယ်လို့ ဝေဖန်မှုတွေခံနေရတာပါ။

            မည်သည့် စနစ်က ဒီမိုကရေစီပိုကျသလဲဆိုတာ ပိုင်းခြားနိုင်ဖို့တွက် သာဓကအချို့ ထုတ်ပြခြင်းသာဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်အနေနဲ့ဆိုရရင်တော့ ၂၀၀၈ အခြေခံဥပဒေရဲ့ အချို့သောပြဌာန်းချက်တွေဟာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်လည်း တရားသူကြီးတွေရဲ့ ရာထူးသက်တမ်း(Tenure) ကို အစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့ သက်တမ်းပေါ် အခြေမခံပဲ အသက်အရွယ် (Age) အပေါ်အခြေခံ ပြီးသတ်မှတ်ထားတဲ့ ပြဌာန်းချက်ဟာတော့ဖြင့် မည်သည့် ပေတံဖြင့် တိုင်းတာသည် သည်ဖြစ်စေ ဒီမိုကရေစီစံနှုံး အပြည့်အဝရှိသော ပြဌာန်းချက်တစ်ခုဖြစ်တဲ့အတွက် ပြင်ဆင်ခြင်းငှာ မသင့်ဟု ဆွေးနွေးတင်ပြလိုက်ရပါတယ်ခင်ဗျာ။

ဇေယျာအေးချို
(ခေတ္တနာဂိုရာတက္ကသိုလ်)

ကိုးကား
၁။ Anja Seibert-Fohr and Lydia Friederike Müller, Judicial Independence in Transition, Beiträge Zum Ausländischen Öffentlichen Recht Und Völkerrecht (Heidelberg: Springer, 2012).

၂။ Shimon Shetreet and Jules Deschênes, Judicial Independence: The Contemporary Debate (Dordrecht, the Netherlands: M. Nijhoff, 1985).

၃။ Robert L. Maddex, Constitutions of the World, 3rd Edition (CQ Press, 2008).

၄။ John Rawls and Samuel Richard Freeman, Lectures on the History of Political Philosophy, (Belknap Press of Harvard University Press, 2008).

Saturday, June 13, 2015

မြန်မာနိုင်ငံဥပဒေများ (၂၀၀၉ ခုနှစ်အထိ)

မြန်မာနိုင်ငံဥပဒေများ (၂၀၀၉ ခုနှစ်အထိ)


Burma Code (Vol 1 - 13) ကနေစပြီး တော်လှန်ရေးကောင်စီဥပဒေများ၊ နဝတ ဥပဒေများ၊ နယက ဥပဒေများ အားလုံး ၂၀၀၉ ခုနှစ်ထိ စုစည်းထာတာဖြစ်ပါတယ်။ Google Drive က Folder ကို Share လုပ်ထားတာပါ။ DVD နှစ်ချပ်စာလောက်တော့ရှိပါတယ်။ Folder တစ်ခုချင်းစီဝင်ပြီး လိုချင်တဲ့ ဥပဒေကို ရှာဒေါင်းလို့လည်းရပါတယ်။


Download

Sunday, May 31, 2015

Common Law နှင့် Civil Law


နိဒါန်း
Common Law ကို အင်္ဂလိပ်ရိုးရာဥပဒေလို့ခေါ်ကြပြီး အင်္ဂလန်နဲ့ သူ့ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံတွေမှာ လက်ရှိအသုံးပြုနေကြပါတယ်။ Civil law ကိုတော့ ဥရောပ ကုန်းမကြီးဥပဒေ Continental Law လို့ခေါ်ပြီး ပြင်သစ်၊ ဂျာမဏီ စတဲ့နိုင်ငံတွေက စလို့ ဘယ်ဂျီယန်၊ စပိန်၊ လက်တင်အမေရိကနိုင်ငံတွေအပြင် အာရှာမှာဆိုရင်လည်း ဂျပန်၊ ကိုရီးယား၊ တရုတ်စတဲ့နိုင်ငံတွေမှာ လက်ရှိကျင့်သုံးနေပါတယ်။

Common Law System နှဲ့ Civil Law System ဘာတွေကွာကြသလဲမေးရင် အများအားဖြင့် ဖြေကြတာက Common Law  ဆိုတာဟာ စီရင်ထုံးဥပဒေဖြစ်ပြီး၊ Civil Law ဆိုတာကတော့ ရေးသားပြဌာန်းထားတဲ့ ဥပဒေတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။

အဲဒိအယူအဆဟာ တစ်ကယ်ကောမှန်ရဲ့လား?
တစ်ကယ်တော့မမှန်ပါဘူး။ ဥပမာအားဖြင့်ပြောရရင် Common Law နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်မှာ တစ်ခြား Civil Law နိုင်ငံတွေမှာရှိတဲ့ ဥပဒေတွေ နဲ့ တန်းတူ ပြဌာန်းဥပဒေတွေရှိတယ်။ ဟန်ဂေရီ (Hungary) နဲ့ ဂရိ (Greece) နိုင်ငံတွေဟာ သူတို့ရဲ့  Civil Code လို့ခေါ်တဲ့ ဥပဒေတွေမပြဌာန်းခင်ကထဲက Civil Law နိုင်ငံတွေ ဖြစ်ကြပါတယ်။ Civil Law နိုင်ငံတွေမှာ စီရင်ထုံးဆိုပြီး အမှုမှာ ကိုးကားတာမရှိပေမဲ့ သူတို့နိုင်ငံအသီးသီးရဲ့ အမြင့်ဆုံးတရားရုံးဆုံးဖြတ်ချက်တွေကို လက်တွေ့အားဖြင့် အောက်ရုံးတွေက လိုက်နာတယ်။ အဲဒိအမြင့်ဆုံးတရားရုံးဆုံးဖြတ်ချက်တွေကို လည်း နှစ်စဉ် ပုံနှိပ်ထုတ်ဝေတယ်။

အဲဒါဆိုရင်မေးစရာပေါ်လာပါလိမ့်မယ်။ common law နဲ့ civil law ဘယ်လိုကွာခြားသလဲဆိုတာပါ။
ဟုတ်ပါတယ်။
အဲဒီဥပဒေစနစ်နှစ်ခု တစ်ကယ်တန်းကွာခြားတာဟာ ပြဌာန်းဥပဒေရှိခြင်း၊ မရှိခြင်း မဟုတ်ပါဘူး။  ideology လို့ခေါ်တဲ့ ဥပပေါ်မှာ တွေးမြင်ပုံမူသဘောတရားပါ။

ဘယ်လို Ideology မျိုးလဲ?
အဲဒါကိုရှင်းဖို့ဆိုရင် ဥပဒေနှစ်မျိုး ဖွင့်ဖြိုးတိုးတက်လာပုံရဲ့ သမိုင်း (Legal History) ကနေစပြီးရှင်းရပါလိမ့်မယ်။

ပြင်သစ်တော်လှန်ရေးနှင့် Civil Law
သမိုင်းကြောင်းတွေကို ရှည်ရှည်လျားလျားမချီပဲ အရေးပါတဲ့အစိတ်အပိုင်းလောက်ပဲ ထုတ်နှုတ်ပြောရရင် ယနေ့ခေတ်ကျင့်သုံးနေတဲ့  Civil Law စနစ်ဟာ တော်လှန်ရေးတွေကနေ စပြီးဖွံ့ဖြိုးတိုးတက်လာတာပါ။ အတိအကျပြောရရင်တော့ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးပါ။ (အမှန်တော့ ပြင်သစ်တော်လှန်ရေးမတိုင်မီ (၄) ရာစုလောက်ထဲက အရှေ့ရောမ (ဘိုင်ဇင်တိုင်း) အင်ပါယာသခင် Justinian I ကနေ Code of Justinian ကို စတင်ပြဌာန်းပြီး Civil Law က အခြေတည်နေပါပြီ။ ခေတ်ပေါ် Civil Law အယူအဆတွေကတော့ ပြင်သစ်တော်လှန်ရေးကစခဲ့တာပါ။)  ပြင်သစ်တော်လှန်ရေးကို ကျွန်တော်တို့ သိခဲ့တာက လူဝီ (၁၆) ဘုရင်ကိုဖယ်ရှားတယ်။ မြေရှင်ပဒေသရာဇ်လူတန်းစားကို အရင်းရှင်ဘူဇွာလူတန်းစားက တော်လှန်တယ် ဆိုတာလောက်ထက် သိပ်ပြီးမပိုလှပါဘူး။

တစ်ကယ်တော့ ပြင်သစ်တော်လှန်ရေးရဲ့ရိုက်ခတ်မှုဟာ ကမ္ဘာ့သမိုင်းမှာအရေးပါလှပါတယ်။
အဲဒိရိုက်ခတ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဥပဒေစနစ်တွေအပေါ်ရိုက်ခတ်မှုက တော့ဒီလိုပါ။ ....
တော်လှန်ရေးမတိုင်မီမှာ ပြင်သစ်ပြည်က တရားသူကြီးတွေဟာ လူဝီဘုရင်နဲ့ မြေရှင်ပဒေသရာဇ် တွေရဲ့ အကြိုးစီးပွားကို အလွန်အမင်းကာကွယ်ပေးတဲ့ ဆုံးဖြတ်ချက်တွေချခဲ့တယ်။ သူတို့ဟာ ဥပဒေကို အနက်အဓိပ္ပါယ်အမျိုးမျိုး တီထွင်ဖွင့်ဆိုပြီး ဘူဇွာတွေကို နှိပ်ကွပ်ခဲ့တယ်။

အဲဒါကြောင့် တော်လှန်ရေးအောင်မြင်သွားပြီး ဥပဒေတွေ ပြုတဲ့အခါမှာ နောက်တက်လာတဲ ဘူဇွာအစိုးရဟာ ........  တရားသူကြီးတွေက ဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်ပိတ်ပင်တဲ့ပြဌာန်းချက်တွေနဲ့ အတူ တရားသူကြီး တွေရဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံးကန့်သတ်တဲ့ ဆောက်ရွက်ချက်တွေကို ပြုလုပ်လာကြတယ်။
ဒါ့ကြောင့် ပြင်သစ်တော်လှန်ရေးအပြီးထွက်ပေါ်လာတဲ့ နပိုလီယန်ကိုဓဥပဒေ (Code of Napoleon) မှာ  တရားသူကြီးတွေက ဥပဒေကို ဘာအဓိပ္ပါယ်ဖွင့်ဆိုခြင်းကို တင်းကြပ်စွာပိတ်ပင်ထားပြီး အလွန်အသေးစိတ်ကျတဲ့ ပြဌာန်းချက်တွေကို ထည့်သွင်းပြဌာန်းထားခဲ့ပါတယ်။
ပြင်သစ်တော်လှန်ရေးရဲ့  ဂယက်တွေ၊ သက်ရောက်မှုတွေနဲ့အတူ  ပြင်သစ်ရဲ့ နပိုလီယန်ကိုဓဥပဒေကို တခြားဥပရောပနိုင်ငံတွေက မှိညမ်းပြီး ကိုယ်ပိုင် ကိုယ်ဓဥပဒေတွေ ပြုလုပ်လာကြတယ်။
အဲဒိကနေစပြီး ခေတ်ပေါ် (အခုခေတ်) Civil Law system တွေ စတင်ဖွံ့ဖြိုးရှင်သန်ခဲ့ကြပါတယ်။

အင်္ဂလန်နှင့် Common Law
အင်္ဂလန်မှာ ပဒေသရာဇ်ကနေပြီးတော့ အရင်းရှင်စန်ကိုအကူးအပြောင်းဟာ ပြင်သစ်ပုံစံမျိုးတော်လှန် ရေးတွေကနေကူးပြောင်းလာတာမဟုတ်ပါဘူး။ ဘုရင်နှင့် ပြည်သူတွေကြားမှာ မက်ဂနာကာတာ (Magna Carta) လိုမျိုး စာချုပ်တွေ အဆင့်ဆင့်ချုပ်ဆိုရာကနေ ဘုရင်ရဲ့အာဏာလျှော့ပါးပြီး စနစ်သစ်တစ်ခုကို ရောက်သွားတာပါ။ evolution ဆိုတဲ့ တစ်ဖြည်းဖြည်း ပြောင်းလဲလာခြင်းမျိုးပါ။ ဒါ့ကြောင့်  ဥပဒေစနစ်အပြောင်းအလဲဟာလည်း  ပြင်သစ်လိုမျိုး ပုံစံဟောင်းနဲ့ လုံးမတူညီတဲ့ ပုံစံသစ်မျိုး ပြောင်းလဲခြင်းမဟုတ်ပါဘူး။ ရှိပြီးသား စနစ်ပေါ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်ပြောင်းလဲခြင်းသာဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလိပ်တရားသူကြီးတွေဟာ တရားမျှတမှုကို အဓိကထားလေ့ရှိပြီး အမှုအခင်းတွေမှာ ပြည်သူတွေဘက်က ရပ်တည်လေ့ရှိတယ်။ အဲဒါကြောင့် အင်္ဂလန်မှာ ပဒေသရာဇ်စနစ် ခေတ်ကုန်ဆုံးသွားသော်လည်း တရားသူကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းမပြုခဲ့ပါဘူး။  ဒါ့အပြင် တရားသူကြီးတွေကို လုပ်ပိုင်ခွင့်ပိုပေးထားခြင်းဟာ အုပ်ချုပ်သူတွေကနေ ပြည်သူတွေကို မနှိပ်စက်နိုင်အောင် ကာကွယ်ပေးခြင်းတစ်မျိုးပဲလို့ပါ ယူဆလာကြတယ်။

အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံတစ်ချို့မှာ တရားသူကြီးဟာ ဘုရင့်ဘက်တော်သားအဖြစ်နဲ့ ဘူဇွာတွေကို နှိပ်စက် ၊ ဘူဇာတွေတော်လှန်ရေးလုပ်ပြီး အောင်မြင်လာတော့ တရားသူကြီးတွေ ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချဖို့ကြိုးစားတယ်။ တရားသူကြီးဟာ လုပ်ပိုင်ခွင့်များနေရင် ဥပဒေကို သူလိုသလို အဓိပ္ပါယ်ဖွင့်ပြီး ပြည်သူတွေကို နှိပ်စက်နိုင်တယ် ဆိုတဲ့ အခြေခံအယူဆနဲ့ Civil Law တွေ ဖွံ့ဖြိုးတိုးတက်လာတယ်။

Common Law ဘက်မှာဆိုရင်လည်း ခေတ်စနစ်အပြောင်းအလဲဟာ တော်လှန်ရေးအသွင်မဆောင်တဲ့ အတွက် လက်ရှိပုံစံဟောင်းကို ပြုပြင်ပြောင်းလဲစရာမလိုဘူး၊ နောက်ပြီးတော့လည်း အင်္ဂလိပ်တရားသူကြီးတွေဟာ ဘုရင်ကိုဆန့်ကျင်ပြီး ပြည်သူကို ကာကွယ်ပေးတယ်။ ဒါ့ကြောင့် တရားသူကြီးတွေကို လုပ်ပိုင်ခွင့်ပိုပေးရင် အုပ်ချုပ်သူတွေက ပြည်သူတွေကို နှိပ်စက်ဖို့ ပိုခက်ခဲလိမ့်မယ် ဆိုတဲ့ အယူအဆနဲ့ Common Law တွေ ဖွံ့ဖြိုးလာခဲ့တယ်။ 

ကွာခြားပုံ
Civil Law နိုင်ငံတွေမှာ မူအားဖြင့် တရားသူကြီးဟာ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့် မရှိဘူး။ တရားသူကြီးကို ဥပဒေအဓိပ္ပါယ် ဖွင့်ခွင့်မပေးထားရင် အဲဒိဥပဒေတစ်ရပ်ဟာ  (၁)။ လုံးဝပြီးပြည့်စုံရမယ်၊ (၂)။ အသေးစိတ်ကျရမယ်၊ နောက်ပြီးတော့ (၃)။ နားလည်လွယ်ရမယ် ဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံဖို့လိုပါတယ်။
အဲဒါကြောင့် Civil Law စနစ်မှာ ဥပဒေပြုသူတွေဟာ အဲဒိ အင်္ဂါရပ် သုံးခုနဲ့အတတ်နိုင်ဆုံးညီညွတ်အောင် ဥပဒေတွေကို ရေးဆွဲပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံး ဘယ်လိုလျှော့ချရမလဲ ဆိုတာကို အမြဲနှလုံးသွင်းပြီး ဥပဒေတွေကို ရေးစွဲကြပါတယ်။ အဲဒါကြောင့်လည်း Civil Law နိုင်ငံတွေက ဥပဒေတွေဟာ Common Law နိုင်ငံတွေနဲ့ယှဉ်ရင် ပိုမိုရှည်လျှားပြီး၊ သေးစိတ်ကလေးတွေက အစပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။

Common Law နိုင်ငံတွေမှာတော့ တရားသူကြီးတွေကို လုပ်ပိုင်ခွင့် ပိုမိုပေးဖို့ရမယ် အယူအဆအပေါ် အခြေခံတဲ့အတွက် တရားသူကြီးတွေဟာ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်ရှိပါတယ်။ Common Law ဥပဒေပြုသူတွေရဲ့ အမြင်ကဒီလိုပါ ....
အချို့သော ဥပဒေပါ စကားရပ်များအတွက် ကိစ္စရပ်အားလုံးကို ခြုံမိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးပြုလုပ်ဖို့မဖြစ်နိုင်ပါဘူး။ အဲလိုလုပ်မယ်ဆိုရင်လည်း အမှုတစ်ခုချင်းစီရဲ့ တရားမျှတမှုကို ထိခိုက်နိုင်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ အမှုစစ်တရားသူကြီးဟာ တစ်မှုချင်းစီအတွက် ဆပ်ဆိုင်တဲ့ အဓိပ္ပါယ်ကို ဖွင့် ဆိုပြီး တရားမျှတမှုကို ဖေါ်ဆောင်ရပါမယ်။ ..... အဲဒါကြောင့် Common Law နိုင်ငံတွေရဲ့ ဥပဒေတွေမှာ တစ်ချို့အပိုင်းတွေကို ယေဘုယလောက်သာပြဌာန်းထားတာ၊ တစ်ချို့စကားရပ်တွေ ဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက်တောင် လုပ်မထားတာ တွေ့ရမှဖြစ်ပါတယ်။ (စီရင်ထုံးတွေရဲ့ စည်းနှောင်မှုဟာ ဒီအချက်အပေါ်မှာ အခြေခံတာပါ။)

ဥပမာအားဖြင့်ပြောရရင် ၂၀၁၂ ခုနှစ်မှာ ပြဌန်းခဲ့တဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ဆိုကြပါစို့၊ အဲဒိဥပဒေအရ အခြေခံလူတန်းစားကို အတိုးနဲ့ငွေချေးရင် ပြစ်မှုမြောက်ပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားဆိုတဲ့ စကားရပ်ကို အဲဒိဥပဒေ ပုဒ်မ ၂ (ဃ) မှာ " ကျေးလက်နှင့် မြို့ပြနေ ဝင်ငွေနည်းပါးသည့် တောင်သူလယ်သမား၊ အလုပ်သမားများနှင့် စျေးသည်များအပါအဝင် ပြည်သူများကို ဆိုလိုသည်" ဆိုပြီး ဖွင့်ဆိုထားပါတယ်။

အဲဒိတော့ .... ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တရားသူကြီး တစ်ဦးက အမှုကို စီရင်ဖို့အတွက်  ပြီးပြည့်စုံတဲ့ ဖွင့်ဆိုချက်လား ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ .... ပြဌာန်းချက်အရ အခြေခံလူတန်းစားဖြစ်ဖို့အတွက် အဓိက လိုအပ်တဲ့ သတ်မှတ်ချက်က ဝင်ငွေနည်းပါးဖို့ပါ။ အဲဒိတော့ ဝင်ငွေနည်းပါးတယ်ဆိုတာ ဘာလဲ? ...
ဝင်ငွေဘယ်လောက်ကို နည်းတယ်လို့ခေါ်ပြီး ဘယ်လောက်ကို များတယ်လို့သတ်မှတ်မှာလဲ? ... လူနေမှုစရိတ်ကြီးတဲ့ မြို့ပြမှာ နည်းပါတယ်ဆိုတဲ့ ဝင်ငွေဟာ လူနေမှုစရိတ်ကျဉ်းတဲ့ ကျေးလက်မှာကော နည်းတယ်လို့ သတ်မှတ်နိုင်မလား။ ........ ဒီနေရာမှာ တရားသူကြီးရဲ့ အခန်းကဏ္ဍက ပါလာပါပြီ ... ဝင်ငွေနည်းပါးသော ဆိုတဲ့စကားရပ်ကို သူ့ရှေ့ရောက်လာတဲ့ အမှုတစ်မှုချင်းစီအလိုက် အဓိပ္ပါယ်ဖွင့်ရပါပြီ။ ဒါဟာ Common Law တရားသူကြီးတွေရဲ့ လုပ်ရိုးလုပ်စဉ်အလုပ်ပါ။

အဲလိုဆိုရင် Civil Law နိုင်ငံတွေမှာကို ဘယ်လိုလုပ်ကြလဲ ဆိုပြီး မေးစရာပေါ်လာပါလိမ့်မယ်။
ဟုတ်ပါတယ် .... Civil Law နိုင်ငံတွေရဲ့ ဥပဒေပြုသူတွေဟာ အလားတူကိစ္စရပ်မှာ နည်းပါးသော ဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်တိတိကျကျ ဖွင့်ပါလိမ့်မယ်။ ဝင်ငွေ ဘယ်လောက်ကနေ ဘယ်လောက်အထို ကိုနည်းတယ်လို့ သတ်မှတ်ရမယ်ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ဝင်ငွေဟာ လက်ရှိရွေပေါက်စျေးနဲ့ ချိန်ရင် ရွှေဘယ်လောက်သားတန်ဖိုးရဲ့ အောက်ဆိုရင် နည်းတယ်လို့ သတ်မှတ်မယ် စသည်ဖြင့် အသေးစိတ် ရေးဆွဲပါလိမ့်မယ်......။ နှစ်ကြောင်းလောက်ရှိတဲ့ Common Law ဖွင့်ဆိုချက်ဟာ Civil Law မှာ နှစ်မျက်နှာလောက်ရှည်တဲ့အထိ အသေးစိတ် ထည့်သွင်းရေးသားပါလိမ့်မယ်။

Common Law တရားသူကြီးနဲ့ Civil Law တရားသူကြီး
ဒီအပိုင်းဟာ အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Common Law ရှေ့နေတွေနဲ့၊ တရားသူကြီးတွေဟာ Common Law တရားသူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ ဥပဒေအပေါ်အမြင်နဲ့ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် (လုပ်ပိုင်ခွင့်ဆိုတဲ့နေရာမှာ အမြင့်ဆုံးတရားရုံးတွေကနေ တရားသူကြီးတွေကို ဥပဒေအရ အပ်နှင်းထားတဲ့ ပြစ်မှု၊ တရားမ စီရင်ပိုင်ခွင့် အာဏာကို ဆိုလိုတာ မဟုတ်ပါဘူး။ Common Law ဥပဒေရဲ့ တရားကိုယ်သဘော၊ ထုံးတမ်းအစဉ်အလာ (tradition) အရ သူတို့မှာ အပ်နှင်းလျှက်သား ရှိတဲ့ လုပ်ပိုင်ခွင့်ကို ဆိုလိုတာပါ။ ) တွေကို ကောင်းကောင်း သဘောပေါက်နားလည်ထားမှသာ အမှုသည်တွေအတွက် တရားမျှတမှုကို ထိထိရောက်ရောက် ဖေါ်ဆောင်နိုင်မှာ ဖြစ်လို့ပါပဲ။

Civil Law စနစ်မှာ တရားသူကြီးတွေဟာ ဥပဒေတွေကို အသုံးချရသူသက်သက်သာဖြစ်ပါတယ်။ သူတို့ဟာ ဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်မရှိပါဘူး။ ဥပဒေတွေက လုံးဝ ပြီးပြည့်စုံမှုရှိတဲ့ဆိုတဲ့ အခြေခံရပ်တည်ချက်ကို စွဲကိုင်ရပြီး မိမိရှေ့မှောက်ရောက်လာတဲ့ အမှုတစ်ခုအတွက် ပြဌာန်းဥပဒေထဲမှာတင်ပဲ တူးဆွရှာဖွေရပါတယ်။ ..... နောက်.....ပြဌာန်းချက်တွေနဲ့ ညီညွတ်တဲ့ အမိန့်တစ်ရပ်ကို ချက်မှတ်ပေးရုံပဲဖြစ်ပါတယ်။ အဲဒိလိုလုပ်နိုင်အောင်လည်း Civil law နိုင်ငံတွေရဲ့ ဥပဒေတွေဟာ တော်တော်လေး ပြည့်စုံကြပါတယ်။

Common Law တရားသူကြီးကတော့ အဲလိုမဟုတ်ပါဘူး။ ပြဌာန်းဥပဒေဆိုတာ တရားမျှတမှုကို ရှာဖွေဖို့ သုံးရမည့် ကိရိယာ တန်ဆာပလာတွေထဲက တစ်ခု (one of the tool to find justice) အဖြစ်သာ ရှုမြင်ရပါတယ်။ နောက်ပြီး ........ ဥပဒေဟူသည် အခါခပ်သိမ်းအတွက် ပြည့်စုံမှုမရှိနိုင်။ ......
 ဒါ့ကြောင့် တရားမျှတမှုအလို့ငှာ Common Law မှာ တည်ရှိနေတဲ့ တရားမျှတမှုဆိုင်ရာမူသဘောတရားတွေကို ပြဌာန်းဥပဒေတွေနဲ့ ဆက်စပ်ပြီး အသုံးပြုကြရပါတယ်။ အကယ်လို့ Common Law ရဲ့ တရားမျှတမှုမူသဘောတရား ဟာ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နိုင်တဲ့ အနေအထားရှိရင်လည်း ဆန့်ကျင်တဲ့ ပြဌားန်ချက်ကို တရားမျှတမှုနဲ့ ဘောင်ဝင် ညီညွတ်အောင် အဓိပ္ပါယ်ဖွင့်ဆိုပြီး တရားမျှတမှုကို ရှာဖွေရပါတယ်။ နောက်ဆုံးအချက်ဟာ Common Law ရဲ့ အလွန်သိမ်မွေ့သော တရားမျှတမှု ရှာဖွေနည်းဖြစ်ပါတယ်။ ဒါ့ကြောင့် Common Law တရားသူကြီးတွေဟာ ပြဌာန်းဥပဒေရဲ့  အရေးအသားတွေကို တရားသေဆုပ်ကိုင်ပြီး တရားမျှတမှုကို လျှစ်လျှူရှုတာမျိုး  မလုပ်သင့်ပါဘူး။ လိုအပ်လာရင် ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ဟာ တရားသူကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ ပြဌာန်းဥပဒေတွေကို တရားမျှတမှုနဲ့ ညီညွတ်အောင် ဖွင့်ဆိုကျင့်သုံးရမှာပါ။

နိဂုံး
အထက်မှာရေးသားခဲ့တာတွေဟာ Common Law နဲ့ Civil Law တို့ရဲ့  ခြားနားချက်မျှသာဖြစ်ပါတယ်။ ဥပဒေစနစ်နှစ်ခုရဲ့  အဓိကခြားနားချက်ဟာ တရားသူကြီးတွေရဲ့ အခွင့်အာဏာပေါ်ကို အခြေခံအမြင်ချင်း ခြားနားမှုဖြစ်ပါတယ်။ အဲဒိအခြေခံအမြင် ခြားနားမှုကနေ တရားရုံးဖွဲ့စည်းပုံ၊ တရားသူကြီးတွေခန့်အပ်ပုံတွေနဲ့ အမှုစစ်ဆေးစီရင်ပုံတွေ၊ ဥပဒေမူသဘောတရားတွေအထိ လိုက်ပြီး ခြားနားသွားပါတယ်။

တစ်ခါတစ်ရံမှာတွေးကောင်း တွေးမိကြပါလိမ့်မယ် .......
 Civil Law စနစ်မှာ တရားသူကြီးတွေရဲ့ အခွင့်အာဏာနဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံးကန့်သတ်ထားတဲ့ အတွက်  Civil Law ပုံစံ အသေးစိတ်ကျနဲ့ ဥပဒေတွေ ပြဌာန်းတာ၊ တရားသူကြီးတွေကို ဥပဒေအဓိပ္ပါယ်ဖွင့်ခွင့် မပေးတာတွေဟာ တွေဟာ အဂတိလိုက်စားမှုကို ထိထိ ရောက်ရောက်ထိန်းချုပ် နိုင်လိမ့်မယ် ဆိုပြီးတော့ပါ။ ....... ရုတ်တရက်စဉ်းစားလိုက်ရင် ဒီအတွေးဟာ မှန်သလိုရှိပေမဲ့ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ချိန်ထိုးကြည့်လိုက်ရင်တော့ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ...... အဂတိလိုက်စားမှုတွေနဲ့ နာမည်ကြီးနေတဲ့ တောင်အမေရိက နိုင်ငံတွေ အကုန်လုံးလိုလိုဟာ Civil Law နိုင်ငံတွေပါ။ Transparency International ရဲ့ ညွှန်းကိန်းများအရ အဂတိလိုက်စားမှု မှာ မြန်မာနိုင်ငံထက် အများကြီး ဆိုးရွားလှတဲ့ ဗင်နီဇွဲလား၊ အင်ဂိုလာ၊ ဥဇဘတ်ကစ္စတန် စတဲ့နိုင်ငံတွေနဲ့ မြန်မာနဲ့ တန်းတူလောက်ရှိတဲ့ ကမ်ဘောဒီးယားနိုင်ငံတွေဟာ Civil Law နိုင်ငံတွေဖြစ်ပါတယ်။
ဘာဖြစ်လိုလဲ .....
ဘာဖြစ်လို့လဲ ဆိုရင် တရားသူကြီးတွေရဲ့ အခွင့်အာဏာကို ကန့်သတ်ခြင်းဟာ တရားရုံးတွေမှာ အဂတိလိုက်စားမှုကို ကို ထိန်းချုပ်ခြင်းနဲ့ ဆက်စပ်မှုသိပ်မရှိလှလို့ပဲဖြစ်ပါတယ်။ Common Law နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ အခွင့်အာဏာကို အလွန်အမင်းထိန်းချုပ်လိုက်တဲ့အခါ လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) သာ ပျောက်သွားပြီး အဂတိလိုက်စားမှုကတော့ ပျောက်မသွားပဲ အသွင်တစ်မျိုးနဲ့ ဆက်လက် ရှင်သန်ကြပါတယ်။ အဲဒိအကြောင်းလည်း အလျှင်းသင့်ရင် ရေးပါဦးမယ်ခင်ဗျာ။

(ဇေယျာအေးချို)

ကိုးကား


(1). John Henry, 1920-Merryman, The Civil Law Tradition, (Stanford, Calif.: Stanford University Press, 1985)

(2). Mathias, 1955-Reimann and Reinhard, 1952-Zimmermann, The Oxford Handbook of Comparative Law, vol. : pbk (Oxford: Oxford University Press, 2008)

(3). Randall Lesaffer and Jan Arriens, European Legal History, vol. : pbk (Cambridge: Cambridge University Press, 2009)

(4). http://www.transparency.org/cpi2014/results

Thursday, March 19, 2015

အစ္စလာမ်ဘာသာဝင်လူနည်းစုရှိသော နိုင်ငံများတွင် အစ္စလာမ်မစ်ဥပဒေကို ကျင့်သုံးခြင်း (၁)



အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် ရှာရီယာ (Sharia) လို့ခေါ်တဲ့ ဘဝလမ်းညွှန်ဟာ အထူးရေးပါတယ်လို့ ဆိုကြပါတယ်။ မူဆလင်တစ်ဦးဟာ ရှာရီယာမှာ လမ်းညွှန်တဲ့အတိုင်း၊ ကျင့်ကြံ နေထိုင်ရပါတယ်။ ရှာရီယာထဲမှာ မိဘ၊ ဘိုးဘွား၊ ဇနီး၊ ခင်ပွန်း၊ သားသမီးစတာတွေကို ဘယ်လိုဆက်ဆံရမယ်၊ အဝတ်အစားကို ဘယ်လိုဝတ်ဆင်ရမယ်၊ ငွေချေးတာ ကုန်သွယ်တာတွေဘယ်ကို ကျင့်ဆောင်ရမည် ကနေစပြီး အမှုအခင်းတွေကို ဘယ်လိုတရားစီရင် အပြစ်ပေးရမယ် ဆိုတာတွေ အဆုံးပါရှိပါတယ်။

အစ္စလာမ်မစ်ဥပဒေ (Islamic Law) ဆိုတာကတော့ ရှာရီယာရဲ့ ဥပဒေနဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

ရှာရီယာ ဆိုတဲ့ လမ်းညွှန်နဲ့အတူ နေထိုင်တဲ့ မူဆလင်တွေဟာ မူဆလင်နိုင်ငံတွေမဟုတ်တဲ့ နိုင်ငံတွေမှာ လူနည်းစုအနေနဲ့ရှိတဲ့အခါမှာ အစ္စလာမ်မစ် ဥပဒေတွေကို ဘယ်လို ဆက်လက်ကျင့်သုံးကြတယ် ဆိုတာစိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ဒီစာစုလေးမှာ မူဆင်လူနည်းစု တွေတည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို မူလဆင်လူနည်းစုတွေရှိတဲ့ နိုင်ငံတွေထဲက (အထူးသဖြင့်) ဥရောပနိုင်ငံတွေရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်လေ့လာတင်ပြထားပါတယ်။

လက်ထပ်ထိမ်းမြားခြင်း နှင့် ကွာရှင်းခြင်း
မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံဥပဒေများပဒေ ၁၈၉၈ (Myanmar Laws Act, 1898) ပုဒ်မ ၁၃  အရ အစ္စလာမ်ဘာသာဝင်နှစ်ဦး ထိမ်းမြားရင် အစ္စလာမ် ဓလေ့ထုံးတန်းနဲ့အညီ သက်ဆိုင်ရာဘာသာရေးလူကြီးဆီမှာ နေကာ (Nikkah) ဖတ်ပြီးထိမ်းမြားခွင့်ရှိပါတယ်။ အစ္စလာမ်ဥပဒေကို အသိအမှတ်ပြုတာပါ။ သို့သော်လည်း အင်္ဂလန်နိုင်ငံမှာ တော့ အခုအချိန်အထိ နေကာ (Nikkah) ဖတ်ပြီး အစ္စလာမ်မစ် ဥပဒေနဲ့ ထိမ်းမြားတာကို အသိအမှတ်မပြုပါ အင်္ဂလန်နိုင်ငံဥပဒေအရ ထိမ်းမြားမှုကို တရားဝင်မှတ်ပုံတင်မှသာ တရားဝင်ပါတယ်။ ကွာရှင်းရာမှာလည်း မြန်မာနိုင်ငံမှာ အစ္စလာမ် ထုံးစံနဲ့အညီ ကွာရှင်းခြင်းဟာ တရားဝင်ပေမဲ့ အင်္ဂလန်နိုင်ငံမှာတော့ အင်္ဂလန်တရားရုံးတစ်ရုံးက ကွာရှင်းမိန့်နဲ့အညီကွဲထားမှ ဒါမှမဟုတ် မှတ်ပုံတင်အရာရှိဆီမှာ ကွာရှင်းတာကို မှတ်ပုံတင်ထားမှ တရားဝင်ပါတယ်။ နောက်ပြီး နေကာဖတ်ပြီးတော့တင် လက်ထပ်ထားတဲ့ မူဆလင် စုံတွဲဟာ အင်္ဂလန်ဥပဒေ အရ တရားဝင်လင်မယားမဖြစ်တာကြောင့် UK က တရားရုံးတစ်ရုံးရံးမှာ ကွာလိုမှုစွဲလို့မရပါဘူး။

မိန်းမအများအပြားယူခြင်း (Polygamy)
ဥရောပနိုင်ငံတွေအားလုံးမှာ polygamy လို့ခေါ်တဲ့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စနစ်ကို တားမြစ်ထားပါတယ်။ မိန်းမတစ်ဦးထက်ပိုယူတာဟာ အင်္ဂလန်နိုင်ငံမှာထောင် (၇) နှစ်အထိ ချမှတ်လို့ရတဲ့ ပြစ်မှုဖြစ်ပြီးတော့၊ ဂျာမဏီမှာ ထောင် (၃) နှစ်၊ ရိုမေးနီးယားမှာ ထောင် (၂) နှစ်အထိ ချမှတ်လို၌ရတဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ဟာ ယခုအချိန်အထိ မိန်းမအများအပြားယူတာကို ခွင့်ပြုထားတဲ့ နိုင်ငံ ၅၀ လောက်မှာ ပါတဲ့ တစ်ခုတည်းသော ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ပါတယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ဥပဒေပြုလွှတ်တော်ကို တင်သွင်းထားတာရှိပေမဲ့ အခုအချိန်အထိ ဥပဒေအဖြစ် မရောက်ရှိလာသေးပါဘူး။

(မိန်းမအများအပြားယူခွင့်ပြုထားတဲ့စနစ်ဟာ လူ့အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်ပြီး အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကိုလည်း သေးသိမ်အောင်ပြုခြင်း ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ (United Nations Human Rights Committee) နဲ့  လူအခွင့်အရေးလှုပ်ရှားသူအများအပြားက နိုင်ငံတွေအားလုံးမှာ အပြီးတိုင်ဖျက်သိမ်းဖို့ဆော်သြနေပါတယ်။ 

သို့သော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စစ်ရန်ဟီလီး ကတော့ Polygamy ကို ပြစ်မှုကြောင်းအရ အရေးယူဖို့ ပြဌာန်းထားတဲ့ မြန်မာနိုင်ငံရဲ့  " တစ်လင်တစ်မယားစနစ် ကျင့်သသုံးခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို မူဆလင်လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ယှဉ်ပြီး အနှုတ်လက္ခဏာဆောင်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကို မြန်မာနိုင်ငံသားတွေက အလွန်ပဲ အထူးအဆန်းဖြစ်ခဲ့ပါတယ်။
အစ္စလာမ်မစ်နိုင်ငံတွေဖြစ်တဲ့ တူနီးရှားနဲ့၊ တူရကီနိုင်ငံတွေမှာတောင် မယားတစ်ယောက်ထက်ပိုယူခြင်း မပြုဖို့ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတာပါ။)

အရွယ်မရောက်သူများလက်ထပ်ရေး (Underage Marriage)
အစ္စလာမ်မစ် ဥပဒေအရ လက်ထပ်ဖို့အတွက် အနိမ့်ဆုံးအသက်အရွယ်ကို သတ်မှတ်ထားခြင်းမရှိပါဘူး၊ တမန်တော် မိုဟာမက်ပင်လျှင် သူ့ရဲ့နောက်ဆုံးဇနီးဖြစ်သူ အိုင်ရှာ (Aisha) ကို လက်ထပ်တဲ့အချိန်မှာ သတို့သမီးရဲ့ အသက်ဟာ (၉) နှစ်ထက် မပိုခဲ့ပါဘူး (အိုင်ရှာရဲ့ အသက်နဲ့ပက်သက်ပြီး ပညာရှင်များအကြား အမျိုးမျိုးအယူအဆ ကွဲပြားကြပါတယ် အချို့က ၆ နှစ် အချို့က ၈ နှစ်လို့ ဆိုကြပါတယ်။)

ဆော်ဒီအာရေးဘီးယား၊ ယီမင်နဲ့ ဘရုနိုင်းလို အစ္စလာမ်မစ် နိုင်ငံတွေမှာ လက်ထပ်ရမဲ့ အနိမ့်ဆုံးအသက်အရွက် ကို သတ်မှတ်ထားခြင်းမရှိပါဘူး။ ဆူဒန်မှာတော့ အသက်ကိုအတိအကျ သတ်မှတ်မထားပေမဲ့ သတို့သား သတို့သမီးဟာ အပျိုဝင်မှ လက်ထပ်လို့ရပါတယ်။
ဥရောပနိုင်ငံတော်​တော်များများအတွက် လက်ထပ်နိုင်သောအသက်အရွက် (Marriageable Age) ဟာ (၁၈) နှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အသက် ၁၄ နှစ်အောင် အမျိုးသမီးနဲ့ ဆက်ဆံခြင်းဟာ မုဒိမ်းမှုမြောက်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေမှာ အတိအလင်းပြဌန်းထားပါတယ်။ သို့သော်လည်း လက်ထပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်ကို သတ်မှတ်ထားခြင်းမရှိတဲ့အတွက် အသက် ၁၄ နှစ်ကို မြန်မာနိုင်ငံက မူဆလင်တွေ လက်ထပ်နိုင်တဲ့အသက် (Marriageable Age ) အဖြစ် မှတ်ယူရမှာဖြစ်ပါတယ်။

(ကျောင်းပိတ်ထားတုန်း အားနေတာနဲ့ Islamic Law Special Lecture လိုက်တက်ပြီး  အဲဒိဘာသာရပ်မှာ လုပ်ဖြစ်ခဲ့တဲ့ presentation ကို Academic Term တွေတပ်နိုင်သလောက်ဖယ်၊ လိုအပ်တာလေးတွေဖြည့်စွက်၊ မလိုတာလေးတွေချန်ပြီး  မြန်မာလိုပြန်ရေး လိုက်တာပါ ဒုတိယပိုင်းမှာ ဟိဂျပ် (Hijab) လို့ခေါ်တဲ့ တစ်ကိုယ်လုံးဖုံးလွှမ်းထားတဲ့ အစ္စလမ်ရိုးရာ အမျိုးသမီးဝတ်ရုံတွေနဲ့ ဥရောပနိုင်ငံက ဥပဒေတွေ  အဲဒိဝတ်ရုံတွေနဲ့ ပက်သက်တဲ့ ဥရောပလူ့အခွင့်အရေးတရားရုံး European Court of Human Rights ရဲ့ ဆုံးဖြတ်ချက်တွ ကို ဆက်ရေးသွားပါဦးမယ်)
Related Posts Plugin for WordPress, Blogger...