နိဒါန်း
Common Law ကို အင်္ဂလိပ်ရိုးရာဥပဒေလို့ခေါ်ကြပြီး အင်္ဂလန်နဲ့ သူ့ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံတွေမှာ လက်ရှိအသုံးပြုနေကြပါတယ်။ Civil law ကိုတော့ ဥရောပ ကုန်းမကြီးဥပဒေ Continental Law လို့ခေါ်ပြီး ပြင်သစ်၊ ဂျာမဏီ စတဲ့နိုင်ငံတွေက စလို့ ဘယ်ဂျီယန်၊ စပိန်၊ လက်တင်အမေရိကနိုင်ငံတွေအပြင် အာရှာမှာဆိုရင်လည်း ဂျပန်၊ ကိုရီးယား၊ တရုတ်စတဲ့နိုင်ငံတွေမှာ လက်ရှိကျင့်သုံးနေပါတယ်။
Common Law System နှဲ့ Civil Law System ဘာတွေကွာကြသလဲမေးရင် အများအားဖြင့် ဖြေကြတာက Common Law ဆိုတာဟာ စီရင်ထုံးဥပဒေဖြစ်ပြီး၊ Civil Law ဆိုတာကတော့ ရေးသားပြဌာန်းထားတဲ့ ဥပဒေတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။
အဲဒိအယူအဆဟာ တစ်ကယ်ကောမှန်ရဲ့လား?
တစ်ကယ်တော့မမှန်ပါဘူး။ ဥပမာအားဖြင့်ပြောရရင် Common Law နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်မှာ တစ်ခြား Civil Law နိုင်ငံတွေမှာရှိတဲ့ ဥပဒေတွေ နဲ့ တန်းတူ ပြဌာန်းဥပဒေတွေရှိတယ်။ ဟန်ဂေရီ (Hungary) နဲ့ ဂရိ (Greece) နိုင်ငံတွေဟာ သူတို့ရဲ့ Civil Code လို့ခေါ်တဲ့ ဥပဒေတွေမပြဌာန်းခင်ကထဲက Civil Law နိုင်ငံတွေ ဖြစ်ကြပါတယ်။ Civil Law နိုင်ငံတွေမှာ စီရင်ထုံးဆိုပြီး အမှုမှာ ကိုးကားတာမရှိပေမဲ့ သူတို့နိုင်ငံအသီးသီးရဲ့ အမြင့်ဆုံးတရားရုံးဆုံးဖြတ်ချက်တွေကို လက်တွေ့အားဖြင့် အောက်ရုံးတွေက လိုက်နာတယ်။ အဲဒိအမြင့်ဆုံးတရားရုံးဆုံးဖြတ်ချက်တွေကို လည်း နှစ်စဉ် ပုံနှိပ်ထုတ်ဝေတယ်။
အဲဒါဆိုရင်မေးစရာပေါ်လာပါလိမ့်မယ်။ common law နဲ့ civil law ဘယ်လိုကွာခြားသလဲဆိုတာပါ။
ဟုတ်ပါတယ်။
အဲဒီဥပဒေစနစ်နှစ်ခု တစ်ကယ်တန်းကွာခြားတာဟာ ပြဌာန်းဥပဒေရှိခြင်း၊ မရှိခြင်း မဟုတ်ပါဘူး။ ideology လို့ခေါ်တဲ့ ဥပပေါ်မှာ တွေးမြင်ပုံမူသဘောတရားပါ။
ဘယ်လို Ideology မျိုးလဲ?
အဲဒါကိုရှင်းဖို့ဆိုရင် ဥပဒေနှစ်မျိုး ဖွင့်ဖြိုးတိုးတက်လာပုံရဲ့ သမိုင်း (Legal History) ကနေစပြီးရှင်းရပါလိမ့်မယ်။
ပြင်သစ်တော်လှန်ရေးနှင့် Civil Law
သမိုင်းကြောင်းတွေကို ရှည်ရှည်လျားလျားမချီပဲ အရေးပါတဲ့အစိတ်အပိုင်းလောက်ပဲ ထုတ်နှုတ်ပြောရရင် ယနေ့ခေတ်ကျင့်သုံးနေတဲ့ Civil Law စနစ်ဟာ တော်လှန်ရေးတွေကနေ စပြီးဖွံ့ဖြိုးတိုးတက်လာတာပါ။ အတိအကျပြောရရင်တော့ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးပါ။ (အမှန်တော့ ပြင်သစ်တော်လှန်ရေးမတိုင်မီ (၄) ရာစုလောက်ထဲက အရှေ့ရောမ (ဘိုင်ဇင်တိုင်း) အင်ပါယာသခင် Justinian I ကနေ Code of Justinian ကို စတင်ပြဌာန်းပြီး Civil Law က အခြေတည်နေပါပြီ။ ခေတ်ပေါ် Civil Law အယူအဆတွေကတော့ ပြင်သစ်တော်လှန်ရေးကစခဲ့တာပါ။) ပြင်သစ်တော်လှန်ရေးကို ကျွန်တော်တို့ သိခဲ့တာက လူဝီ (၁၆) ဘုရင်ကိုဖယ်ရှားတယ်။ မြေရှင်ပဒေသရာဇ်လူတန်းစားကို အရင်းရှင်ဘူဇွာလူတန်းစားက တော်လှန်တယ် ဆိုတာလောက်ထက် သိပ်ပြီးမပိုလှပါဘူး။
တစ်ကယ်တော့ ပြင်သစ်တော်လှန်ရေးရဲ့ရိုက်ခတ်မှုဟာ ကမ္ဘာ့သမိုင်းမှာအရေးပါလှပါတယ်။
အဲဒိရိုက်ခတ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဥပဒေစနစ်တွေအပေါ်ရိုက်ခတ်မှုက တော့ဒီလိုပါ။ ....
တော်လှန်ရေးမတိုင်မီမှာ ပြင်သစ်ပြည်က တရားသူကြီးတွေဟာ လူဝီဘုရင်နဲ့ မြေရှင်ပဒေသရာဇ် တွေရဲ့ အကြိုးစီးပွားကို အလွန်အမင်းကာကွယ်ပေးတဲ့ ဆုံးဖြတ်ချက်တွေချခဲ့တယ်။ သူတို့ဟာ ဥပဒေကို အနက်အဓိပ္ပါယ်အမျိုးမျိုး တီထွင်ဖွင့်ဆိုပြီး ဘူဇွာတွေကို နှိပ်ကွပ်ခဲ့တယ်။
အဲဒါကြောင့် တော်လှန်ရေးအောင်မြင်သွားပြီး ဥပဒေတွေ ပြုတဲ့အခါမှာ နောက်တက်လာတဲ ဘူဇွာအစိုးရဟာ ........ တရားသူကြီးတွေက ဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်ပိတ်ပင်တဲ့ပြဌာန်းချက်တွေနဲ့ အတူ တရားသူကြီး တွေရဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံးကန့်သတ်တဲ့ ဆောက်ရွက်ချက်တွေကို ပြုလုပ်လာကြတယ်။
ဒါ့ကြောင့် ပြင်သစ်တော်လှန်ရေးအပြီးထွက်ပေါ်လာတဲ့ နပိုလီယန်ကိုဓဥပဒေ (Code of Napoleon) မှာ တရားသူကြီးတွေက ဥပဒေကို ဘာအဓိပ္ပါယ်ဖွင့်ဆိုခြင်းကို တင်းကြပ်စွာပိတ်ပင်ထားပြီး အလွန်အသေးစိတ်ကျတဲ့ ပြဌာန်းချက်တွေကို ထည့်သွင်းပြဌာန်းထားခဲ့ပါတယ်။
ပြင်သစ်တော်လှန်ရေးရဲ့ ဂယက်တွေ၊ သက်ရောက်မှုတွေနဲ့အတူ ပြင်သစ်ရဲ့ နပိုလီယန်ကိုဓဥပဒေကို တခြားဥပရောပနိုင်ငံတွေက မှိညမ်းပြီး ကိုယ်ပိုင် ကိုယ်ဓဥပဒေတွေ ပြုလုပ်လာကြတယ်။
အဲဒိကနေစပြီး ခေတ်ပေါ် (အခုခေတ်) Civil Law system တွေ စတင်ဖွံ့ဖြိုးရှင်သန်ခဲ့ကြပါတယ်။
အင်္ဂလန်နှင့် Common Law
အင်္ဂလန်မှာ ပဒေသရာဇ်ကနေပြီးတော့ အရင်းရှင်စန်ကိုအကူးအပြောင်းဟာ ပြင်သစ်ပုံစံမျိုးတော်လှန် ရေးတွေကနေကူးပြောင်းလာတာမဟုတ်ပါဘူး။ ဘုရင်နှင့် ပြည်သူတွေကြားမှာ မက်ဂနာကာတာ (Magna Carta) လိုမျိုး စာချုပ်တွေ အဆင့်ဆင့်ချုပ်ဆိုရာကနေ ဘုရင်ရဲ့အာဏာလျှော့ပါးပြီး စနစ်သစ်တစ်ခုကို ရောက်သွားတာပါ။ evolution ဆိုတဲ့ တစ်ဖြည်းဖြည်း ပြောင်းလဲလာခြင်းမျိုးပါ။ ဒါ့ကြောင့် ဥပဒေစနစ်အပြောင်းအလဲဟာလည်း ပြင်သစ်လိုမျိုး ပုံစံဟောင်းနဲ့ လုံးမတူညီတဲ့ ပုံစံသစ်မျိုး ပြောင်းလဲခြင်းမဟုတ်ပါဘူး။ ရှိပြီးသား စနစ်ပေါ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်ပြောင်းလဲခြင်းသာဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလိပ်တရားသူကြီးတွေဟာ တရားမျှတမှုကို အဓိကထားလေ့ရှိပြီး အမှုအခင်းတွေမှာ ပြည်သူတွေဘက်က ရပ်တည်လေ့ရှိတယ်။ အဲဒါကြောင့် အင်္ဂလန်မှာ ပဒေသရာဇ်စနစ် ခေတ်ကုန်ဆုံးသွားသော်လည်း တရားသူကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းမပြုခဲ့ပါဘူး။ ဒါ့အပြင် တရားသူကြီးတွေကို လုပ်ပိုင်ခွင့်ပိုပေးထားခြင်းဟာ အုပ်ချုပ်သူတွေကနေ ပြည်သူတွေကို မနှိပ်စက်နိုင်အောင် ကာကွယ်ပေးခြင်းတစ်မျိုးပဲလို့ပါ ယူဆလာကြတယ်။
အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံတစ်ချို့မှာ တရားသူကြီးဟာ ဘုရင့်ဘက်တော်သားအဖြစ်နဲ့ ဘူဇွာတွေကို နှိပ်စက် ၊ ဘူဇာတွေတော်လှန်ရေးလုပ်ပြီး အောင်မြင်လာတော့ တရားသူကြီးတွေ ရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချဖို့ကြိုးစားတယ်။ တရားသူကြီးဟာ လုပ်ပိုင်ခွင့်များနေရင် ဥပဒေကို သူလိုသလို အဓိပ္ပါယ်ဖွင့်ပြီး ပြည်သူတွေကို နှိပ်စက်နိုင်တယ် ဆိုတဲ့ အခြေခံအယူဆနဲ့ Civil Law တွေ ဖွံ့ဖြိုးတိုးတက်လာတယ်။
Common Law ဘက်မှာဆိုရင်လည်း ခေတ်စနစ်အပြောင်းအလဲဟာ တော်လှန်ရေးအသွင်မဆောင်တဲ့ အတွက် လက်ရှိပုံစံဟောင်းကို ပြုပြင်ပြောင်းလဲစရာမလိုဘူး၊ နောက်ပြီးတော့လည်း အင်္ဂလိပ်တရားသူကြီးတွေဟာ ဘုရင်ကိုဆန့်ကျင်ပြီး ပြည်သူကို ကာကွယ်ပေးတယ်။ ဒါ့ကြောင့် တရားသူကြီးတွေကို လုပ်ပိုင်ခွင့်ပိုပေးရင် အုပ်ချုပ်သူတွေက ပြည်သူတွေကို နှိပ်စက်ဖို့ ပိုခက်ခဲလိမ့်မယ် ဆိုတဲ့ အယူအဆနဲ့ Common Law တွေ ဖွံ့ဖြိုးလာခဲ့တယ်။
ကွာခြားပုံ
Civil Law နိုင်ငံတွေမှာ မူအားဖြင့် တရားသူကြီးဟာ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့် မရှိဘူး။ တရားသူကြီးကို ဥပဒေအဓိပ္ပါယ် ဖွင့်ခွင့်မပေးထားရင် အဲဒိဥပဒေတစ်ရပ်ဟာ (၁)။ လုံးဝပြီးပြည့်စုံရမယ်၊ (၂)။ အသေးစိတ်ကျရမယ်၊ နောက်ပြီးတော့ (၃)။ နားလည်လွယ်ရမယ် ဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံဖို့လိုပါတယ်။
အဲဒါကြောင့် Civil Law စနစ်မှာ ဥပဒေပြုသူတွေဟာ အဲဒိ အင်္ဂါရပ် သုံးခုနဲ့အတတ်နိုင်ဆုံးညီညွတ်အောင် ဥပဒေတွေကို ရေးဆွဲပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံး ဘယ်လိုလျှော့ချရမလဲ ဆိုတာကို အမြဲနှလုံးသွင်းပြီး ဥပဒေတွေကို ရေးစွဲကြပါတယ်။ အဲဒါကြောင့်လည်း Civil Law နိုင်ငံတွေက ဥပဒေတွေဟာ Common Law နိုင်ငံတွေနဲ့ယှဉ်ရင် ပိုမိုရှည်လျှားပြီး၊ သေးစိတ်ကလေးတွေက အစပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။
Common Law နိုင်ငံတွေမှာတော့ တရားသူကြီးတွေကို လုပ်ပိုင်ခွင့် ပိုမိုပေးဖို့ရမယ် အယူအဆအပေါ် အခြေခံတဲ့အတွက် တရားသူကြီးတွေဟာ ဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်ရှိပါတယ်။ Common Law ဥပဒေပြုသူတွေရဲ့ အမြင်ကဒီလိုပါ ....
အချို့သော ဥပဒေပါ စကားရပ်များအတွက် ကိစ္စရပ်အားလုံးကို ခြုံမိတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးပြုလုပ်ဖို့မဖြစ်နိုင်ပါဘူး။ အဲလိုလုပ်မယ်ဆိုရင်လည်း အမှုတစ်ခုချင်းစီရဲ့ တရားမျှတမှုကို ထိခိုက်နိုင်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ အမှုစစ်တရားသူကြီးဟာ တစ်မှုချင်းစီအတွက် ဆပ်ဆိုင်တဲ့ အဓိပ္ပါယ်ကို ဖွင့် ဆိုပြီး တရားမျှတမှုကို ဖေါ်ဆောင်ရပါမယ်။ ..... အဲဒါကြောင့် Common Law နိုင်ငံတွေရဲ့ ဥပဒေတွေမှာ တစ်ချို့အပိုင်းတွေကို ယေဘုယလောက်သာပြဌာန်းထားတာ၊ တစ်ချို့စကားရပ်တွေ ဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက်တောင် လုပ်မထားတာ တွေ့ရမှဖြစ်ပါတယ်။ (စီရင်ထုံးတွေရဲ့ စည်းနှောင်မှုဟာ ဒီအချက်အပေါ်မှာ အခြေခံတာပါ။)
ဥပမာအားဖြင့်ပြောရရင် ၂၀၁၂ ခုနှစ်မှာ ပြဌန်းခဲ့တဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ဆိုကြပါစို့၊ အဲဒိဥပဒေအရ အခြေခံလူတန်းစားကို အတိုးနဲ့ငွေချေးရင် ပြစ်မှုမြောက်ပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားဆိုတဲ့ စကားရပ်ကို အဲဒိဥပဒေ ပုဒ်မ ၂ (ဃ) မှာ " ကျေးလက်နှင့် မြို့ပြနေ ဝင်ငွေနည်းပါးသည့် တောင်သူလယ်သမား၊ အလုပ်သမားများနှင့် စျေးသည်များအပါအဝင် ပြည်သူများကို ဆိုလိုသည်" ဆိုပြီး ဖွင့်ဆိုထားပါတယ်။
အဲဒိတော့ .... ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တရားသူကြီး တစ်ဦးက အမှုကို စီရင်ဖို့အတွက် ပြီးပြည့်စုံတဲ့ ဖွင့်ဆိုချက်လား ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ .... ပြဌာန်းချက်အရ အခြေခံလူတန်းစားဖြစ်ဖို့အတွက် အဓိက လိုအပ်တဲ့ သတ်မှတ်ချက်က ဝင်ငွေနည်းပါးဖို့ပါ။ အဲဒိတော့ ဝင်ငွေနည်းပါးတယ်ဆိုတာ ဘာလဲ? ...
ဝင်ငွေဘယ်လောက်ကို နည်းတယ်လို့ခေါ်ပြီး ဘယ်လောက်ကို များတယ်လို့သတ်မှတ်မှာလဲ? ... လူနေမှုစရိတ်ကြီးတဲ့ မြို့ပြမှာ နည်းပါတယ်ဆိုတဲ့ ဝင်ငွေဟာ လူနေမှုစရိတ်ကျဉ်းတဲ့ ကျေးလက်မှာကော နည်းတယ်လို့ သတ်မှတ်နိုင်မလား။ ........ ဒီနေရာမှာ တရားသူကြီးရဲ့ အခန်းကဏ္ဍက ပါလာပါပြီ ... ဝင်ငွေနည်းပါးသော ဆိုတဲ့စကားရပ်ကို သူ့ရှေ့ရောက်လာတဲ့ အမှုတစ်မှုချင်းစီအလိုက် အဓိပ္ပါယ်ဖွင့်ရပါပြီ။ ဒါဟာ Common Law တရားသူကြီးတွေရဲ့ လုပ်ရိုးလုပ်စဉ်အလုပ်ပါ။
အဲလိုဆိုရင် Civil Law နိုင်ငံတွေမှာကို ဘယ်လိုလုပ်ကြလဲ ဆိုပြီး မေးစရာပေါ်လာပါလိမ့်မယ်။
ဟုတ်ပါတယ် .... Civil Law နိုင်ငံတွေရဲ့ ဥပဒေပြုသူတွေဟာ အလားတူကိစ္စရပ်မှာ နည်းပါးသော ဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်တိတိကျကျ ဖွင့်ပါလိမ့်မယ်။ ဝင်ငွေ ဘယ်လောက်ကနေ ဘယ်လောက်အထို ကိုနည်းတယ်လို့ သတ်မှတ်ရမယ်ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ဝင်ငွေဟာ လက်ရှိရွေပေါက်စျေးနဲ့ ချိန်ရင် ရွှေဘယ်လောက်သားတန်ဖိုးရဲ့ အောက်ဆိုရင် နည်းတယ်လို့ သတ်မှတ်မယ် စသည်ဖြင့် အသေးစိတ် ရေးဆွဲပါလိမ့်မယ်......။ နှစ်ကြောင်းလောက်ရှိတဲ့ Common Law ဖွင့်ဆိုချက်ဟာ Civil Law မှာ နှစ်မျက်နှာလောက်ရှည်တဲ့အထိ အသေးစိတ် ထည့်သွင်းရေးသားပါလိမ့်မယ်။
Common Law တရားသူကြီးနဲ့ Civil Law တရားသူကြီး
ဒီအပိုင်းဟာ အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Common Law ရှေ့နေတွေနဲ့၊ တရားသူကြီးတွေဟာ Common Law တရားသူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ ဥပဒေအပေါ်အမြင်နဲ့ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် (လုပ်ပိုင်ခွင့်ဆိုတဲ့နေရာမှာ အမြင့်ဆုံးတရားရုံးတွေကနေ တရားသူကြီးတွေကို ဥပဒေအရ အပ်နှင်းထားတဲ့ ပြစ်မှု၊ တရားမ စီရင်ပိုင်ခွင့် အာဏာကို ဆိုလိုတာ မဟုတ်ပါဘူး။ Common Law ဥပဒေရဲ့ တရားကိုယ်သဘော၊ ထုံးတမ်းအစဉ်အလာ (tradition) အရ သူတို့မှာ အပ်နှင်းလျှက်သား ရှိတဲ့ လုပ်ပိုင်ခွင့်ကို ဆိုလိုတာပါ။ ) တွေကို ကောင်းကောင်း သဘောပေါက်နားလည်ထားမှသာ အမှုသည်တွေအတွက် တရားမျှတမှုကို ထိထိရောက်ရောက် ဖေါ်ဆောင်နိုင်မှာ ဖြစ်လို့ပါပဲ။
Civil Law စနစ်မှာ တရားသူကြီးတွေဟာ ဥပဒေတွေကို အသုံးချရသူသက်သက်သာဖြစ်ပါတယ်။ သူတို့ဟာ ဥပဒေတွေကို အဓိပ္ပါယ်ဖွင့်ဆိုခွင့်မရှိပါဘူး။ ဥပဒေတွေက လုံးဝ ပြီးပြည့်စုံမှုရှိတဲ့ဆိုတဲ့ အခြေခံရပ်တည်ချက်ကို စွဲကိုင်ရပြီး မိမိရှေ့မှောက်ရောက်လာတဲ့ အမှုတစ်ခုအတွက် ပြဌာန်းဥပဒေထဲမှာတင်ပဲ တူးဆွရှာဖွေရပါတယ်။ ..... နောက်.....ပြဌာန်းချက်တွေနဲ့ ညီညွတ်တဲ့ အမိန့်တစ်ရပ်ကို ချက်မှတ်ပေးရုံပဲဖြစ်ပါတယ်။ အဲဒိလိုလုပ်နိုင်အောင်လည်း Civil law နိုင်ငံတွေရဲ့ ဥပဒေတွေဟာ တော်တော်လေး ပြည့်စုံကြပါတယ်။
Common Law တရားသူကြီးကတော့ အဲလိုမဟုတ်ပါဘူး။ ပြဌာန်းဥပဒေဆိုတာ တရားမျှတမှုကို ရှာဖွေဖို့ သုံးရမည့် ကိရိယာ တန်ဆာပလာတွေထဲက တစ်ခု (one of the tool to find justice) အဖြစ်သာ ရှုမြင်ရပါတယ်။ နောက်ပြီး ........ ဥပဒေဟူသည် အခါခပ်သိမ်းအတွက် ပြည့်စုံမှုမရှိနိုင်။ ......
ဒါ့ကြောင့် တရားမျှတမှုအလို့ငှာ Common Law မှာ တည်ရှိနေတဲ့ တရားမျှတမှုဆိုင်ရာမူသဘောတရားတွေကို ပြဌာန်းဥပဒေတွေနဲ့ ဆက်စပ်ပြီး အသုံးပြုကြရပါတယ်။ အကယ်လို့ Common Law ရဲ့ တရားမျှတမှုမူသဘောတရား ဟာ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နိုင်တဲ့ အနေအထားရှိရင်လည်း ဆန့်ကျင်တဲ့ ပြဌားန်ချက်ကို တရားမျှတမှုနဲ့ ဘောင်ဝင် ညီညွတ်အောင် အဓိပ္ပါယ်ဖွင့်ဆိုပြီး တရားမျှတမှုကို ရှာဖွေရပါတယ်။ နောက်ဆုံးအချက်ဟာ Common Law ရဲ့ အလွန်သိမ်မွေ့သော တရားမျှတမှု ရှာဖွေနည်းဖြစ်ပါတယ်။ ဒါ့ကြောင့် Common Law တရားသူကြီးတွေဟာ ပြဌာန်းဥပဒေရဲ့ အရေးအသားတွေကို တရားသေဆုပ်ကိုင်ပြီး တရားမျှတမှုကို လျှစ်လျှူရှုတာမျိုး မလုပ်သင့်ပါဘူး။ လိုအပ်လာရင် ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ဟာ တရားသူကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ ပြဌာန်းဥပဒေတွေကို တရားမျှတမှုနဲ့ ညီညွတ်အောင် ဖွင့်ဆိုကျင့်သုံးရမှာပါ။
နိဂုံး
အထက်မှာရေးသားခဲ့တာတွေဟာ Common Law နဲ့ Civil Law တို့ရဲ့ ခြားနားချက်မျှသာဖြစ်ပါတယ်။ ဥပဒေစနစ်နှစ်ခုရဲ့ အဓိကခြားနားချက်ဟာ တရားသူကြီးတွေရဲ့ အခွင့်အာဏာပေါ်ကို အခြေခံအမြင်ချင်း ခြားနားမှုဖြစ်ပါတယ်။ အဲဒိအခြေခံအမြင် ခြားနားမှုကနေ တရားရုံးဖွဲ့စည်းပုံ၊ တရားသူကြီးတွေခန့်အပ်ပုံတွေနဲ့ အမှုစစ်ဆေးစီရင်ပုံတွေ၊ ဥပဒေမူသဘောတရားတွေအထိ လိုက်ပြီး ခြားနားသွားပါတယ်။
တစ်ခါတစ်ရံမှာတွေးကောင်း တွေးမိကြပါလိမ့်မယ် .......
Civil Law စနစ်မှာ တရားသူကြီးတွေရဲ့ အခွင့်အာဏာနဲ့ ဆင်ခြင်တုံတရားကို အတတ်နိုင်ဆုံးကန့်သတ်ထားတဲ့ အတွက် Civil Law ပုံစံ အသေးစိတ်ကျနဲ့ ဥပဒေတွေ ပြဌာန်းတာ၊ တရားသူကြီးတွေကို ဥပဒေအဓိပ္ပါယ်ဖွင့်ခွင့် မပေးတာတွေဟာ တွေဟာ အဂတိလိုက်စားမှုကို ထိထိ ရောက်ရောက်ထိန်းချုပ် နိုင်လိမ့်မယ် ဆိုပြီးတော့ပါ။ ....... ရုတ်တရက်စဉ်းစားလိုက်ရင် ဒီအတွေးဟာ မှန်သလိုရှိပေမဲ့ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ချိန်ထိုးကြည့်လိုက်ရင်တော့ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ...... အဂတိလိုက်စားမှုတွေနဲ့ နာမည်ကြီးနေတဲ့ တောင်အမေရိက နိုင်ငံတွေ အကုန်လုံးလိုလိုဟာ Civil Law နိုင်ငံတွေပါ။ Transparency International ရဲ့ ညွှန်းကိန်းများအရ အဂတိလိုက်စားမှု မှာ မြန်မာနိုင်ငံထက် အများကြီး ဆိုးရွားလှတဲ့ ဗင်နီဇွဲလား၊ အင်ဂိုလာ၊ ဥဇဘတ်ကစ္စတန် စတဲ့နိုင်ငံတွေနဲ့ မြန်မာနဲ့ တန်းတူလောက်ရှိတဲ့ ကမ်ဘောဒီးယားနိုင်ငံတွေဟာ Civil Law နိုင်ငံတွေဖြစ်ပါတယ်။
ဘာဖြစ်လိုလဲ .....
ဘာဖြစ်လို့လဲ ဆိုရင် တရားသူကြီးတွေရဲ့ အခွင့်အာဏာကို ကန့်သတ်ခြင်းဟာ တရားရုံးတွေမှာ အဂတိလိုက်စားမှုကို ကို ထိန်းချုပ်ခြင်းနဲ့ ဆက်စပ်မှုသိပ်မရှိလှလို့ပဲဖြစ်ပါတယ်။ Common Law နိုင်ငံတွေမှာ တရားသူကြီးတွေရဲ့ အခွင့်အာဏာကို အလွန်အမင်းထိန်းချုပ်လိုက်တဲ့အခါ လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) သာ ပျောက်သွားပြီး အဂတိလိုက်စားမှုကတော့ ပျောက်မသွားပဲ အသွင်တစ်မျိုးနဲ့ ဆက်လက် ရှင်သန်ကြပါတယ်။ အဲဒိအကြောင်းလည်း အလျှင်းသင့်ရင် ရေးပါဦးမယ်ခင်ဗျာ။
(ဇေယျာအေးချို)
ကိုးကား
(1). John Henry, 1920-Merryman, The
Civil Law Tradition, (Stanford, Calif.: Stanford University
Press, 1985)
(2). Mathias, 1955-Reimann and
Reinhard, 1952-Zimmermann, The Oxford Handbook of Comparative Law, vol.
: pbk (Oxford: Oxford University Press, 2008)
(3). Randall Lesaffer and Jan Arriens,
European Legal History, vol. : pbk (Cambridge: Cambridge University
Press, 2009)
(4). http://www.transparency.org/cpi2014/results
(4). http://www.transparency.org/cpi2014/results
