ဘာ့ကြောင့်တရားစီရင်ရေးလွတ်လပ်သင့်တာလဲ
တရားသူကြီးဆိုတာ
မိမိရှေ့မောက်ရောက်ရှိလာတဲ့ အငြင်းပွားမှုတွေကို မိမိတပ်ကျွမ်းတဲ့ ဥပဒေပညာ၊ ရရှိထားအပ်တဲ့
ဆင်ခြင်တုံတရား၊ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆက်စပ်ပြီး ဘက်မလိုက်တန်း ဆုံးဖြတ်ဖို့ တာဝန်ရှိသူဖြစ်ပါတယ်။
သို့သော်လည်း နှစ်ဘက်ယှဉ်ပြိုင်နေတဲ့ အမှုသည်နှစ်ဦးအနက်
တစ်ဦးဦးဟာ အမှုစစ်တရားသူကြီးအပေါ်ကို လွှမ်းမိုးမှုရှိမယ်၊ တရားသူကြီးလုပ်သူဟာ အမှုသည်အမှုသည်တစ်ဦးဦးကို
ကြောက်ရွံ့နေရမယ်ဆိုရင် တရားသူကြီးဆီက မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက်ကို မမျှော်လင့်နိုင်တော့ပါဘူး။
ဒီမိုကရေစီစနစ်မှာ တရားရုံးတွေဟာ ပြည်သူတွေအကြားက
အငြင်းပွားမှုတွေသာမကပဲ အုပ်ချုပ်ရေး၊ ဥပဒေပုရေး အခွင့်အာဏာရှိသူတွေက ပြည်သူတွေအပေါ်
တရားမဲ့ပြုကျင့်ခြင်း မရှိရလေအောင်လည်း ကာကွယ်ပေးရတဲ့အလုပ်ကိုလုပ်ပါတယ်။
မနည်းလှတဲ့ အမှုအခင်းတွေမှာ အုပ်ချုပ်ရေးအာဏာရှိသူ
၊ ဥပဒေပြုခွင့်အာဏာရှိသူတွေဟာ နိုင်ငံတော်ရဲ့
ကိုယ်စားအဖြစ် အမှုသည်တစ်ဦးအနေနဲ့ တရားရုံးရှေ့မှောက်ရောက်လာတာရှိသလို့၊ အကြောင်းကြောင်းကြောင့်
တရားရုံးရှေ့မှောက် ရောက်ရှိလာသူ အမှုသည်တစ်ဦးဦးရဲ့ ဆွေးမျိုးသားချင်းသော်လည်းကောင်း
၊ မိတ်ဆွေသော်လည်းကောင်း ဖြစ်နေတတ်ပါတယ်။
ဒီလိုကိစ္စမျိုးတွေမှာ
အမှုစစ်ဆေးရတဲ့ တရားသူကြီးအနေနဲ့ အဲဒိအခွင့်အာဏာရှိသူတွေကို တစ်ဘက်အမှုသည်နဲ့ တန်းတူထားပြီး
အမှုသည်တစ်ဦးအဖြစ်မမြင်ပဲ မိမိကံကြမ္မာကို ဖန်တီးနိုင်သူတွေအဖြစ် ရှုမြင်နေရမယ်ဆိုရင်
တရားမျှတတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်လာနိုင်ချေနည်းပါတယ်။
အကယ်၍ တရားသူကြီးလုပ်သူဟာ
မှန်မှန်ကန်ကန်ပဲ ဆုံးဖြတ်ခဲ့စေဦးတော့ ဒီအခြေအနေကို သိနေတဲ့ တစ်ဘက်အမှုသည်ဟာ ဆုံးဖြတ်ချက်ကို
အယုံအကြည် မရှိနိုင်တော့ပါဘူး။
ဒါ့ကြောင့် တရားသူကြီးကို ဘယ်အမှုသည်ကမှ လွှမ်းမိုးမှုမလုပ်နိုင်ရလေအောင်
နည်းစနစ် အမျိုးမျိုးကြံဆပြီး ကမ္ဘာပေါ်မှာ ကျင့်သုံးနေကြာတာ ဖြစ်ပါတယ်။
မလွတ်လပ်ရင်ဘာတွေဖြစ်မလဲ
တရားရုံးတွေဟာ တစ်စုံတစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊
မဏ္ဍိုင်တရပ်ရပ်ရဲ့ လွှမ်းမိုးမှု ကနေ မလွတ်လပ်ဘူးဆိုရင် တရားရုံးတွေအပေါ်လွှမ်းမိုးနိုင်သူတွေဟာ သူတို့နဲ့ ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့ အတွက် တရားရုံးတွေကို
သုံးပါလိမ့်မယ်။
မလွတ်လပ်တဲ့ တရားရုံးတွေကို ပြည်သူတွေက အယုံအကြည်မဲ့လာပြီး မိမိတိုကြားက
ပြသနာကို မိမိတို့ဖာသာ ဖြေရှင်းပါလိမ့်မယ် ဒီအခါမှာ မလိုလားအပ်တဲ့ ဥပဒေပြင်ပ အပြန်အလှန်
လက်စားချေမှုတွေ ပေါ်ပေါက်လာပြီး လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။
နောက်တစ်ခုက နိုင်ငံခြား ရင်းနီးမြုတ်နံမှုတွေနဲ့ ပက်သက်လို့ပါ။
ပြဌာန်းထားတဲ့ နိုင်ငံခြားရင်းနီးမြုတ်နံမှု ဥပဒေတွေဟာ
ဘယ်လိုပဲ ရင်းနီးမြုတ်နံသူတွေကို စွဲဆောင်နိုင်ပါစေ တရားရုံးတွေအနေနဲ့ သူတို့ရင်းနီးမြုတ်နံ ထားတာတွေကို ဥပဒေပါအတိုင်း
အကာအကွယ်မပေးနိုင်ဘူးဆိုရင် လာရောက် ရင်းနီးမြုတ်နံမှာ မဟုတ်တော့ပါဘူး။
အပြန်အလှန်အားဖြင့် တရားရုံးအပေါ်မှာ သြဇာလွမ်းမိုးသူတွေနဲ့ အလွမ်းသင့်အောင်နေပြီး မိမိတို့အကျိုးစီးပွားအတွက် တရားစီရင်ရေးကို အသုံးပြုလိုတဲ့
ရင်းနီးမြုတ်နံသူတွေ ရောက်လာပါလိမ့်မယ်။
ဘာ့ကြောင့် တရားသူကြီးတွေလွတ်လပ်အောင် စနစ်တွေတည်ထွင်ထားရတာလဲ
ကျွန်တော်တို့ဟာ သူတော်စင်တွေကို ဖိတ်ခေါ်ပြီး
ဒါမှမဟုတ်လည်း စက်ရုပ် တရားသူကြီးတွေကို တီထွင်ပြီး တရားရုံးတွေမှာ အမှုစစ်ဆေးဆုံးဖြတ်ခိုင်းလို့
မဖြစ်နိုင်ပါဘူး။
တရားသူကြီး ဆိုသူတွေဟာ လက်ရှိကျင်လည်နေတဲ့
လူ့အဖွဲ့အစည်းထဲက လူသားတရားသူကြီးတွေ ဖြစ်တဲ့အတွက် သူတို့အပေါ် သြာဇာက်ရောက်သူတွေကို ပုထုဇင်လူသားတစ်ဦးမှာ
ရှိတဲ့ အင်အားထက်ပိုပြီး ဆန့်ကျင်ဖို့ခဲယင်းပါတယ်။
ဒါ့ကြောင့် အခြား တစ်စုံတစ်ယောက်၊
အဖွဲ့အစည်းတစ်ခုခုကနေ တရားသူကြီးတွေအပေါ် မလျှော်သြဇာ သက်ရောက်ခြင်းမျိုး မရှိရလေအောင်
နည်းစနစ်အမျိုးမျိုး တည်ထွင်ထားရခြင်းပဲဖြစ်ပါတယ်။
တရားစီရင်ရေးနှင့်လူများစုဆန္ဒ
အုပ်ချုပ်ရေး၊
ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေဟာ ပြည်သူတွေရဲ့ အကျိုးကို အကောင်အထည်ဖေါ်ဆောင်ရွက်နေကြတယ်ဆိုပေမဲ့
တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ဆောင်ရွက်ပုံဟာ ကျန်တဲ့ မဏ္ဍိုင်နှစ်ခုနဲ့မတူပဲ ကွဲပြားပါတယ်။
အုပ်ချုပ်ရေးပိုင်း ခေါင်းဆောင်များနဲ့ ဥပဒေပြုအမတ်များဟာ
လူအများစုရဲ့ ထောက်ခံမှုနဲ့ လက်ရှိရာထူးအာဏာကို ရရှိကျင့်သုံးနေသူတွေ ဖြစ်တဲ့အတွက်
လူအများစုရဲ့လိုလားချက်ကို အခြေခံတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ပြည်သူ့အကျိုးဆောင်ကျဉ်းပါတယ်။
ဒါပေမဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ရှုမြင်ချက်အရ လူ့အဖွဲ့အစည်း ဆိုတာ တစ်ဦးချင်းသော လူတွေ
စုပေါင်းထားတာဖြစ်တဲ့ အတွက် တရားရုံးရှေ့မှောက်ကို ရောက်ရှိလာသူတစ်ဦးချင်းစီရဲ့အခွင့်အရေးကို
ကာကွယ်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းရဲ့ အကျိုးကို ဆောင်ကျဉ်းပါတယ်။
ဒါ့ကြောင့် လူအများစုရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေဟာ
လူတစ်ဦးတစ်ယောက် အပေါ်ကို ဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ကိစ္စမျိုးမှာ
တရားရုံးတွေဟာ လူများစုရဲ့လိုလားချက်တွေကို ဘယ်လိုမှ ဆေင်ရွက်ပေးလို့မရနိုင်ပါဘူး။
ဒါ့ကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ တရားသူကြီး တစ်ယောက်ရဲ့ ဆုံဖြတ်ချက်ဟာ ဥပဒေနဲ့
ညီညွတ်နေမယ်ဆိုရင် လူအများစုက ဒီဆုံးဖြတ်ချက်ကို မကြိုက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆိုပါတရားသူကြီး
နစ်နာစေမဲ့ ကိစ္စရပ်တွေမလုပ်နိုင်အောင် အာမခံချက်တွေ ပေးထားကြပါတယ်။
ဘယ်လိုအာမခံချက်တွေပေးထားလဲ
လွတ်လပ်စွာတရားစီရင်ရေး (Judicial
Independence) ရှိစေဖို့ ဒီမိုကရေစီနိုင်ငံတွေဟာ အဓိကအားဖြင့် အောက်ပါ ကိစ္စရပ်တွေမှာ
အာမခံချက်တွေပေးထားကြပါတယ်။
(၁) ရာထူးသက်တမ်းဆိုင်ရာအာမခံချက်
(၂) ငွေကြေးဆိုင်ရာ
အာမခံချက်
(၃) ဥပဒေအရ အကာအကွယ်
ရာထူးသက်တမ်းဆိုင်ရာအာမခံချက်
တရားစီရင်ရေးဆောင်ရွက်ရတဲ့ တရားသူကြီးတွေ ဟာ သူတို့ရဲ့ ရာထူးသက်တန်းအတွက်
စိတ်ချက်လက်ချရှိနေရမှာဖြစ်ပါတယ်။
မိမိစီရင်
လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ညီသော်လည်း အခွင့်အာဏာရှိသူများက မနှစ်သက်တဲ့အတွက်
မိမိရာထူးသက်တန်းကို လျှေ့ချပစ်ခြင်း၊ အခွင့်အာဏာရှိသူများအလိုကျ စီရင်တဲ့အတွက် ရာထူးသက်တန်းကို
တိုးပေးခြင်း တွေလုပ်လို့ ရနေမယ်ဆိုရင် အဲဒိတရားသူကြီးဆီက မှန်ကန်မျှတဲ့ ဆုံးဖြတ်ချက်
မရနိုင်ပါဘူး။
အဲဒိအပြင် တရားသူကြီးလုပ်သူတွေကို အစိုးရအဖွဲ့အသစ်တက်လာတိုင်း
အသစ်တစ်ဖန် ပြန်လည်ရွေးခြယ်မယ်ဆိုရင် တရားသူကြီးဟာ မိမိဆက်လက် ရွေးခြယ်ခံရရေးအတွက်
နောက်ရွေးကောက်ပွဲ မှာ နိုင်ချေရှိသူတွေရဲ့အလိုကျ စီရင်ပါလိမ့်မယ်။
ဒါ့ကြောင့် တရားသူကြီးတွေရဲ့ ရာထူးသက်တန်းကို အသက်နဲ့အပိုင်းအခြားနဲ့
သတ်မှတ်ထားပြီး သူတို့ရဲ့ရာထူးသက်တန်းကို အစိုးရဖွဲ့၊ ဥပဒေပြုအဖွဲ့တွေရဲ့ သက်တန်းနဲ့
သီးခြားကင်းလွတ်စွာထားကြပါတယ်။
အဲဒါကို ရာထူးသက်တန်းဆိုင်ရာ အာမခံချက် (Security
of Tenure) လို့ခေါ်ကြပါတယ်။ အမေရိကန်နိုင်ငံမှာ တရားသူကြီးချုပ်နဲ့ တရားရုံးချုပ်တရားသူကြီး
တွေရဲ့ သက်တန်းဟာ တစ်သက်တာ (life tenure) ဖြစ်ပါတယ်။ စတင်ခန့်အပ်ချိန်ကနေစပြီး နောက်ဆုံးအသက်မသေမီအထိ
သံမ္မတ ဘယ်လိုပဲပြောင်းပြောင်း သူတို့ကို ထပ်မံရွေးခြယ်ခွင့်၊ သူတို့ရဲ့ ရာထူးသက်တန်းကို
လျှော့ချခွင့်မရှိပါဘူး။
ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်း
တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးတွေရဲ့ ရာထူးသက်တန်းဟာ အသက် ၆၅ နှစ်၊
ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးတွေရဲ့ ရာထူးသက်တန်းဟာ
အသက် ၇၀ အထိဖြစ်ပြီး၊ အစိုးရအဖွဲ့၊ ဥပဒေပြုအဖွဲ့တွေဘယ်လိုပဲ ပြောင်းပြောင်း သတ်မှတ်
အသက် မရောက်မချင်း ထပ်မံရွေးခြယ်ခံစရာ မလိုပဲ တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
(ဆက်ရန် ......)
(ဆက်ရန် ......)

No comments:
Post a Comment